မြိတ်မြို့နယ်၌ မိသားစု တစ်နိုင်တစ်ပိုင် ငှက်ပျောပင်များ တိုးချဲ့စိုက်ပျိုးရာ အပိုဝင်ငွေရရှိ

မြိတ်မြို့နယ်၌ မိသားစု တစ်နိုင်တစ်ပိုင် ငှက်ပျောပင်များ တိုးချဲ့စိုက်ပျိုးရာ အပိုဝင်ငွေရရှိ

    တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်  ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများသည်  နှစ်ရှည်ပင်များကို  အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ယခုအခါ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ်  တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြကြောင်း သိရသည်။

ငှက်ပျောပင်များကို   မိုးရာသီတွင် စိုက်ပျိုးသူများပြားပြီး  ရာသီအချိန်အခါမရွေး   အသီးများသီးကာ နွေရာသီတွင် အသီးများ အနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင်    အသီးများ ပိုကြီးထွား၍ အထွက်နှုန်းကောင်းသည့် အတွက်   ကျေးလက်ဒေသရှိတောင်သူများအနေဖြင့်   မိမိတို့ဥယျာဉ်ခြံမြေများတွင် ကာလတိုသီးနှံအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

“ကျေးရွာတွေမှာ  ငှက်ပျောပင်တွေကို  အမျိုးအစားအလိုက် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ငှက်ပျောပင်တွေက စတင်စိုက်ပျိုးပြီးတဲ့ အချိန်ကနေ ရှစ်လခန့်မှာ ငှက်ပျောပင်က   အဖူးများ စတင်ထွက်ရှိတယ်။

၁၀ လခန့်ကြာတဲ့အခါ ငှက်ပျောခိုင်အရင့်တွေကို ခူးဆွတ်လို့ရပါတယ်။ ထွက်ရှိလာတဲ့ အသီးတွေကို  မြိတ်မြို့ဈေးကွက်အတွင်း တင်ပို့ရောင်းချရပါတယ်”ဟု  အင်္ဂမော်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူတစ်ဦးကပြောသည်။

ကိုယ်တိုင်စိုက်ပျိုးပြီး ထွက်ရှိလာသည့် ငှက်ပျောသီးများကို မြို့ပေါ်ဈေးကွက်အပြင် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချရပြီး တချို့ဝယ်သူများမှာ ခြံထဲအရောက် လာရောက်ဝယ်ယူသည့် သူများလည်း ရှိသည့်အတွက် ငှက်ပျောပင်များ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။

ငှက်ပျောသီးများမှာ  အသီးအရွယ် အစားအလိုက်၊   အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားချက်  အနည်းငယ်ရှိပြီး ငှက်ပျောသီး အလုံးရေများသည့် အဖီးကြီးတစ်ဖီးလျှင် ငွေကျပ် ၂၅၀၀ မှ ၃၅၀၀ အထိ ဈေးရပြီး အလုံးအနည်းငယ်သေးပြီး အလုံးရေနည်းသည့်  အဖီးတစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးရရှိကြောင်း သိရသည်။