အင်ဒိုနီးရှားနိုင်ငံ၌ အလုပ်သမားထောင်ပေါင်းများစွာက အစိုးရကို ဆန့်ကျင်ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ၌ အလုပ်သမားထောင်ပေါင်းများစွာက အစိုးရကို ဆန့်ကျင်ဆန္ဒပြ

    အင်ဒိုနီးရှားနိုင်ငံ    ဂျကာတာမြို့၌ အလုပ်သမားထောင်ပေါင်းများစွာက ဇန်နဝါရီ ၁၄ ရက်တွင် အစိုးရကိုဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ၏ အမိန့်ဒီကရီသည် အလုပ်သမားများ၏ အခွင့်အရေးများကို ဆုံးရှုံးစေပြီး  ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးကို ပျက်စီးစေသည်ဟု ဝေဖန်သူများက ပြောပြီးနောက် ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့ပြင် ဆန္ဒပြသူများသည် လွှတ်တော်အနေဖြင့် သမ္မတ၏ အမိန့်ဒီကရီကို ပယ်ချရန် တောင်းဆိုထားသည်။

သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသည်ဟု ဥပဒေကျွမ်းကျင် ပညာရှင်များက ပြောထားသော အငြင်းပွားဖွယ် အလုပ်အကိုင် ဖန်တီးရေးဥပဒေနေရာတွင် အစားထိုးမည့် အရေးပေါ်အမိန့် ဒီကရီတစ်ရပ်ကို ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ အလုပ်အကိုင်ဖန်တီးရေးဥပဒေသည် ချွတ်ယွင်းချက် ရှိနေကြောင်း၊ ဥပဒေကို အတည်ပြုရာတွင် လုံလောက်သည့် ညှိနှိုင်းတိုင်ပင်မှုများ လုပ်ဆောင်ခြင်း မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကပြောကာ ညှိနှိုင်းတိုင်ပင်မှု လုပ်ငန်းစဉ်ကို နိုဝင်ဘာလကုန်တွင် အပြီးလုပ်ဆောင်ရန် ညွှန်ကြားထားသည်။

သမ္မတအနေဖြင့် ထိုကဲ့သို့အမိန့်ဒီကရီကို ထုတ်ပြန်ခြင်းသည် အလုပ်အကိုင် ဖန်တီးရေး ဥပဒေကို  လွှတ်တော်၏ အတည်ပြုမှု မရယူဘဲ တိုက်ရိုက်ပြဋ္ဌာန်းနိုင်ရေး အတွက် တစ်ဖက်လှည့်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။

သမ္မတ၏အမိန့်ဒီကရီသည် အလုပ်သမားများ၏ သက်သာချောင်ချိရေး၊ အလုပ်သမားများအပေါ် ကာကွယ်တားဆီးရေးကို လျော့နည်းစေကြောင်း၊ စိုက်ပျိုးရေးကိစ္စများ၊ ပတ်ဝန်းကျင်နှင့်  အမျိုးသမီးများအား ကာကွယ်ပေးမှုတို့အထိ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေကြောင်း ဆန္ဒပြသူတစ်ဦးက ပြောသည်။

အလုပ်အကိုင်ဖန်တီးရေး ဥပဒေသည် အလုပ်သမားများ၏ သက်သာချောင်ချိရေးကို ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်သော်လည်း ယခုအမိန့်ဒီကရီသည် ထိုအချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း   ၎င်းကဆက်ပြောသည်။