ကမ္ဘာ့ဘဏ်က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကို လျှော့ချမျှော်မှန်း

ကမ္ဘာ့ဘဏ်က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကို လျှော့ချမျှော်မှန်း

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကို ယမန်နှစ်မျှော်မှန်းချက်ထက် လျှော့ချ မျှော်မှန်းလိုက်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုသည် ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားခြင်းဖြစ်ပြီး ထိုမျှော်မှန်းချက်သည် ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်သော ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှုက ၃ ရာခိုင်နှုန်းရှိမည်ဟူသည့်   ကြိုတင်မျှော်မှန်းချက်ထက် ထက်ဝက်နီးပါး နည်းပါးနေသည်ကို တွေ့ရသည်။

အလားတူ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ အားလုံးနီးပါး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကမ္ဘာ့ဘဏ်က လျှော့ချခန့်မှန်းထားသည်။

အထူးသဖြင့် ကမ္ဘာ့ဘဏ်သည် အမေရိကန်နိုင်ငံ၏  စီးပွားရေး အခြေအနေ ပြောင်းလဲနိုင်မှုအပေါ်အခြေခံကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်းထားခြင်းဖြစ်သည်။  ယခုအခါ  အမေရိကန်နိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP)သည် သုည ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု လျှော့ချခန့်မှန်းထားသည်။

ယခင်ကမူ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု  ခန့်မှန်းထားခြင်းဖြစ်သည်။

အလားတူ ကမ္ဘာ့ဘဏ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ယခင်က ၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားရာမှ ယခုအခါ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်တော့မည်ဟု လျှော့ချခန့်မှန်းလိုက်သည်။

ထို့ပြင်  ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဥရောပနှင့် အလယ်အာရှဒေသတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ သုည ဒသမ ၁ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးလျှော့ချ ခန့်မှန်းထားသည်။

ထို့ကြောင့် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည် ကျဆင်းမှုဖြစ်သည့် အခြေအနေသို့ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် နီးကပ်လာပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူများက  ပြောထားသည်ဟု သိရသည်။