ယူကရိန်းစစ်သည်များက ဓာတုလက်နက်များဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေဖွယ်ရှိဟုဆို

ယူကရိန်းစစ်သည်များက ဓာတုလက်နက်များဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေဖွယ်ရှိဟုဆို

ယူကရိန်းစစ်သည်များက ရုရှားစစ်သည်များအပေါ်   ဓာတုလက်နက်များဖြင့်တိုက်ခိုက်ရန်   ပြင်ဆင်နေဖွယ်ရှိကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတိပေးထားသည်။

ရုရှားသံရုံးက ဇန်နဝါရီ ၁၃ ရက်တွင် တွစ်တာ၌ ဗီဒီယိုတစ်ခုကို တင်ထားပြီး ဒရုန်းများနှင့် ဓာတ်ငွေ့အိုးများကို စားပွဲတစ်လုံးပေါ်တွင် တင်ထားသည်ကို ထိုဗီဒီယို၌ တွေ့ရသည်။

အချို့ဓာတ်ငွေ့အိုးများကို ဒရုန်းများတွင် ချိတ်ဆွဲထားပြီး ရေခဲသေတ္တာ အတွင်း သိမ်းဆည်းထားသည့် အလားတူ ဓာတ်ငွေ့အိုး အများအပြားကို အမျိုးသားတစ်ဦးက ပြသနေပုံကိုလည်း ဗီဒီယိုတွင် တွေ့ရသည်။

“ယူကရိန်းတပ်မတော်က တင်ထားတဲ့ ဗီဒီယိုတစ်ခုကိုကြည့်ခြင်းအားဖြင့် သူတို့အနေနဲ့ ရုရှားစစ်သည်တွေအပေါ် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ဖို့ပြင်ဆင်နေတာကို တွေ့ရမှာပါ။ ဖြစ်နိုင်တာကတော့ ကုလသမဂ္ဂ ဓာတုလက်နက် ကွန်ဗင်းရှင်းက တားမြစ်ထားတဲ့ ဖော့စဂျင်း ဓာတ်ငွေ့ဖြစ်နိုင်ပါတယ်။ အဲဒီမှာဖော်ပြထားတဲ့ OB ဆိုတဲ့ စာလုံးက  အဆိပ်သင့်ခဲယမ်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း ဓာတ်ငွေ့အိုးတွေကို  ရေခဲသေတ္တာထဲမှာ သိမ်းထားဖို့ လိုအပ်တာပါ” ဟူသောစာသားနှင့်အတူ ရုရှားသံရုံးက အဆိုပါဗီဒီယိုကို တင်ထားခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံမှ ကန်ထရိုက်တာများ အနေဖြင့် ယူကရိန်းနိုင်ငံက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ရေးအတွက် ပြင်ဆင်ရာတွင် ကူညီပေးနေကြောင်း ရုရှားနိုင်ငံက သတင်းရရှိထားသည်ဟု ဓာတုလက်နက် အသုံးပြုမှုတားမြစ်ရေးအဖွဲ့မှ   ရုရှားအမြဲတမ်း ကိုယ်စားလှယ် အလက်ဇန်းဒါးရှူဂျင်က ဒီဇင်ဘာလတွင်ပြောထားသည်။