လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ တရုတ်ရဲ့ ဒရုန်းသယ် မောင်းသူမဲ့ရေယာဉ်

လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ တရုတ်ရဲ့ ဒရုန်းသယ် မောင်းသူမဲ့ရေယာဉ်

    တရုတ်နိုင်ငံရဲ့ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ဒရုန်းသယ်မောင်းသူမဲ့ ရေယာဉ်ကတော့ ဇန်နဝါရီ ၁၂ ရက်မှာ လုပ်ငန်းခွင်ကို ဝင်ရောက်သွားပြီလို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီရေယာဉ်ကို သုတေသနရေယာဉ်အဖြစ် အသုံးပြုထားတာပါ။ ဇူဟိုင်ယန်အမည်ရှိ မောင်းသူမဲ့ရေယာဉ်ဟာ ပင်လယ်ပြင်အတွင်းမှာ ကိုယ်တိုင်လမ်းကြောင်း ရှာဖွေ သွားလာနိုင်ပါတယ်။

ဒါ့အပြင် သူ့ကိုအဝေးထိန်းစနစ်နဲ့လည်း ထိန်းချုပ်နိုင်ပါသေးတယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။

ဇူဟိုင်ယန်ရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည် တစ်ခုကတော့ ဝေဟင်၊ ရေပြင်နဲ့ရေအောက်သုံး မောင်းသူမဲ့ယာဉ်တွေ အများကြီးကို တစ်ပြိုင်နက်တည်းသယ်ဆောင်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်မှုများ လုပ်ဆောင်ကာ လိုအပ်တဲ့ အချက်အလက်များကို စုစည်းပေးပို့နိုင်ခြင်း ပါပဲ။

ဇူဟိုင်ယန်ကိုတီထွင်ဖန်တီး အသုံးပြုသူကတော့ Southern Marine Science and Engineering Guangdong Laboratory ဖြစ်ပြီး   ပင်လယ်ပြင် လက်တွေ့စမ်းသပ်မှုကို ဇန်နဝါရီ ၁၂ ရက်မှာပဲ လုပ်ဆောင်ကာ   ရေယာဉ်အနေနဲ့ ဒရုန်းများကို စေလွှတ်ခြင်း၊  ပြန်လည်ခေါ်ယူခြင်းတို့ အပါအဝင် သူ့ရဲ့အလိုအလျောက် စွမ်းဆောင်ရည်များကိုလည်း  စမ်းသပ်ခဲ့ပါတယ်။

“ကျွန်တော်တို့က ရေယာဉ်ရဲ့မောင်းသူမဲ့ အနေနဲ့လုပ်ဆောင်နိုင်စွမ်းများကို ၁၂ နာရီဆက်တိုက် စမ်းသပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အတားအဆီးများကို ရှောင်ရှားနိုင်ပြီး ကိုယ့်လမ်းကြောင်း ကိုယ်ထွင်ကာ သွားလာနိုင်တဲ့အတွက်  ကျွန်တော်တို့ရဲ့ မူလသတ်မှတ်ချက်များနဲ့ အပြည့်အဝ ကိုက်ညီမှုရှိပါတယ်”လို့  Southern Marine Science and Engineering Guangdong Laboratory ဥက္ကဋ္ဌနဲ့ တရုတ်သိပ္ပံအကယ်ဒမီမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချန်းဒါခီက CCTV  သတင်းဌာနကို ပြောပါတယ်။

ဒီနှစ်အတွင်းမှာတော့ ဇူဟိုင်ယန်ကို ပင်လယ်ရေကြောင်း မြေပုံရေးဆွဲခြင်း၊ လေ့လာစောင့်ကြည့်ခြင်း၊ ပင်လယ်ပြင်ကင်းလှည့်ခြင်းနဲ့ ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများအပါအဝင် လေ့လာရေး လုပ်ငန်းများစွာအတွက် အသုံးပြုသွားမှာပါ။

ဇူဟိုင်ယန်အနေနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်နိုင်ဖို့အတွက် အာရုံခံကိရိယာများ၊ ဂြိုဟ်တုများမှရရှိတဲ့ သတင်းအချက်အလက်များကို လူတူအသိဉာဏ်စနစ်က အသုံးပြုကူညီပေးတာပါ။

လိုအပ်တယ်ဆိုရင်လည်း စက်မောင်းများက ဇူဟိုင်ယန်ကို အဝေးကနေထိန်းချုပ်ခြင်း၊   သူ့ရဲ့လုပ်ငန်း လုပ်ဆောင်မှုများကို အဝေးမှ  စောင့်ကြည့်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

အလျား ၈၈ ဒသမ ၅ မီတာ၊ ဗြက် ၁၄ မီတာနဲ့ တန်ချိန် ၂၁၀၀ ရှိတဲ့ ဇူဟိုင်ယန်က တရုတ်ရေတပ်ရဲ့  Type 056 ဖရီးဂိတ် စစ်ရေယာဉ်ထက်ပင်  ကြီးမားပါတယ်။ ဒါကြောင့် လိုအပ်မယ်ဆိုရင် နောက်ထပ် ကိရိယာတန်ဆာတွေကိုလည်း   ထပ်မံ တင်ဆောင်နိုင်ဦးမှာပါ။

ခေတ်ရှေ့ပြေးတဲ့ပုံစံနဲ့ တည်ဆောက်ထားတဲ့ ဇူဟိုင်ယန်ဟာ ပျမ်းမျှအားဖြင့် အမြန်နှုန်းရေမိုင် ၁၃ မိုင်နှုန်းနဲ့သာမက လိုအပ်ပါက ရေမိုင် ၁၈ မိုင်နှုန်းနဲ့ပါ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ဇူဟိုင်ယန်ကို တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်းပိုင်ဆိုင်တဲ့ ဟောင်ပူဝမ်ချောင်း သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး   ပြီးခဲ့တဲ့နှစ်မေလမှာ ရေချခဲ့တာဖြစ်ပါတယ်။

ရေယာဉ်အတွက် စွမ်းအားပေးစနစ်၊ တွန်းကန်အားပေးစနစ်၊ လူတူအသိဉာဏ်စနစ်၊ ဒရုန်းလုပ်ငန်း ဆောင်ရွက်ရေးစနစ်တို့ အားလုံးကို တရုတ်ပြည်တွင်းမှာသာ ဖန်တီးထားတာပါ။

ဒါကြောင့် တရုတ်နိုင်ငံ အနေနဲ့ အဓိကကျတဲ့ ပင်မနည်းပညာ နယ်ပယ်မှာ ဘယ်သူ့ကိုမှမမှီခိုဘဲ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ပြီဆိုတာကို ဇူဟိုင်ယန်က သက်သေပြနေတယ်လို့  CCTVသတင်းဌာနက ဖော်ပြထားပါတယ်။

ကိုထက်