မီးပြတ်ချိန်မှာ တစ်အိမ်လုံးကို မီးအလင်းပေးထားနိုင်မယ့် ဘက်ထရီ

မီးပြတ်ချိန်မှာ တစ်အိမ်လုံးကို မီးအလင်းပေးထားနိုင်မယ့် ဘက်ထရီ

    ရာသီဥတုဆိုးဝါးချိန်မှာ လျှပ်စစ်မီးပြတ်တောက်သွားမှာကို စိုးရိမ်နေရသူတွေအတွက် ဆန်ဖရန်စစ္စကို အခြေစိုက် EcoFlow Tech ့ ကုမ္ပဏီက   ဘက်ထရီ စွမ်းအင်သုံး   အရန်မီးအားပေးစနစ်ကို တီထွင်လိုက်ပါတယ်။

ဒီလိုမျိုးဘက်ထရီစွမ်းအင်သုံး အရန်မီးအားပေး စနစ်တွေဟာ ဈေးကွက်အတွင်းမှာ အများအပြားရှိနေပေမယ့် ဒီတစ်ခုကတော့ ကြားရသူတိုင်းကို အံ့အားသင့်စေလောက် အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

ပုံမှန်အားဖြင့်ဆိုရင် ဘက်ထရီစွမ်းအင်သုံး အရန်မီးအားပေးစနစ်က အလွန်ဆုံးခံလှ တစ်ည၊ နှစ်ညပါပဲ။ ဒါတောင်မှ မရှိမဖြစ်လိုအပ်တဲ့ မီးချောင်းတွေပဲ ထွန်းလို့ရဦးမှာပါ။

EcoFlow Tech ကုမ္ပဏီရဲ့ အရန်မီးအားပေးစနစ်ကတော့   သီတင်းပတ်တစ်ပတ်အထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ တခြားအရန်မီးအားပေး စနစ်တွေလို လိုအပ်တဲ့ မီးချောင်းသာ ထွန်းနိုင်တာမဟုတ်ပါဘူး။ အဝတ်လျှော်စက်၊ ကော်ဖီဖျော်စက်၊ ဆံပင်လေမှုတ်စက်တွေကိုလည်း အသုံးပြုနိုင်စေဦးမှာဖြစ်ပါတယ်။

ဒီလိုပြောလိုက်လို့ အရန်မီးအားပေးစနစ်က အကြီးကြီးလားလို့   ထင်မှတ်မှားစရာရှိပါသေးတယ်။    တကယ်တော့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ တစ်ကိုယ်ရေသုံး အရွယ်အစားလောက်သာ ရှိပါတယ်။

ဒါကြောင့် ကားကိုအိမ်လုပ်ပြီး အပန်းဖြေခရီး လျှောက်သွားသူတွေအနေနဲ့ လမ်းကြမ်းခရီးသွားမယ်ဆိုရင်  ဆောင်ထားသင့်တဲ့ အရန်မီးအားပေးစနစ် တစ်ခုဆိုရင်လည်း မမှားပါဘူး။

တချို့ကတော့ထင်ကြမှာပါ။ လျှပ်စစ်ကားတွေမှာပါတဲ့ ဘက်ထရီကြီးတွေက မီးပြတ်ချိန်မှာ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တယ်လို့ပေါ့။

ဒါပေမဲ့   အချိန်ဘယ်လောက်ကြာတဲ့အထိ လျှပ်စစ်စွမ်းအင် ပေးထားနိုင်မှာလဲ။ သွားလေရာကို အလွယ်တကူ သယ်သွားလို့ရမလား။ ထင်သလောက်မလွယ်ဘူး ဆိုတာကို စဉ်းစားကြည့်ရုံနဲ့သိနိုင်ပါလိမ့်မယ်။

EcoFlow Tech  ကဖန်တီးထားတဲ့ အရန်မီးအားပေးစနစ်ရဲ့ အမည်က Delta Pro ဖြစ်ပါတယ်။ သူ့မှာ USB-A  အတွက် ဆော့ကတ်အပေါက်မှသည် 30A ဆော့ကတ်အပေါက်အထိ ပါဝင်ပါတယ်။

ဒီအတွက်ကြောင့်  Delta Pro အနေနဲ့ စမတ်ပစ္စည်းဖြစ်စေ၊ အကြီးစားပစ္စည်းဖြစ်စေ ဘယ်လျှပ်စစ်ပစ္စည်းကို မဆို အသုံးပြုနိုင်စေမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား အထွက်အနေနဲ့ ဝပ်အား ၇၂၀၀ အထိပေးစွမ်းနိုင်မှာပါ။

တကယ်လို့များ အသုံးပြုသူများအနေနဲ့ မီးပြတ်နေချိန်မှာ Delta Pro တစ်လုံးကပေးစွမ်းနိုင်တဲ့ လျှပ်စစ်စွမ်းအင်ထက်ပိုတဲ့ စွမ်းအင်ကိုရရှိလိုတယ်ဆိုရင် နောက်ထပ် Delta Pro တွေကိုချိတ်ဆက်လိုက်ရုံပါပဲ။

ဒီလိုစွမ်းဆောင်ရည်ရှိတဲ့ Delta Pro ကို အားသွင်းပေးနိုင်မယ့် နည်းလမ်းကတော့ အိမ်သုံး မီးပလတ်ပေါက်ကနေ အားသွင်းရုံပါပဲ။ ကြာချိန်ကတော့ ၂ နာရီခွဲ ဝန်းကျင်ရှိပါတယ်။ အကယ်၍ အမြန်အားသွင်းချင်တယ်ဆိုရင်တော့ လျှပ်စစ်ကား အားသွင်းရုံများမှာ သွားရောက် အားသွင်းနိုင်ပါသေးတယ်။

တကယ်လို့များ   လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာ အချိန်ကြာလွန်းနေတယ်။ ဒါမှမဟုတ် တောထဲရောက်နေတယ် ဆိုတဲ့အချိန်တွေမှာ သူ့ကိုအားသွင်းဖို့အတွက် ဝပ် ၁၆၀၀ အား ဆိုလာပြားကိုလည်း EcoFlow Tech  က ထုတ်လုပ်ထားပါသေးတယ်။ သူ့ကိုတော့ သီးခြား ဝယ်ယူရမှာပေါ့။

Delta Proရဲ့ဈေးနှုန်းကတော့ ၃၄၉၉ ဒေါ်လာကနေစတင်ပါတယ်။ အဲဒီထဲမှာ ဘက်ထရီတစ်လုံးပဲ ပါဝင်မှာပါ။ နောက်ထပ် ဘက်ထရီတစ်လုံးကိုပါ ထပ်ယူမယ်ဆိုရင်တော့ ၆၁၉၉ ဒေါ်လာအထိ ကျသင့်ပါလိမ့်မယ်။  ဘက်ထရီလေးလုံးနဲ့ Delta Proနှစ်လုံးဆိုရင် ၁၆၉၉၉ ဒေါ်လာအထိ ကျသင့်မှာပါ။

ဒီဈေးနှုန်းတွေဟာ များပြားတယ်လို့ဆိုနိုင်ပေမယ့်လည်း ရေရှည်အကျိုးကျေးဇူးတွေကိုပြန်ကြည့်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရလဒ်တွေကကြီးမားတာကို တွေ့ရမှာဖြစ်ပါတယ်။

ကိုထက်