ရုရှားနိုင်ငံ၏ စီးပွားရေး တည်ငြိမ်လျက်ရှိဟု ပူတင်ပြော

ရုရှားနိုင်ငံ၏ စီးပွားရေး တည်ငြိမ်လျက်ရှိဟု ပူတင်ပြော

ရုရှားနိုင်ငံ၏စီးပွားရေးသည်   ယခင်မျှော်လင့်ထားသည်ထက် ပိုမိုတည်ငြိမ်သည့် အနေအထားတွင် ရှိကြောင်းနှင့် ယခုထက် ပိုမိုတည်ငြိမ်သည့် အလားအလာများလည်း ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၅ ရက်တွင် Russia 1 TV သတင်းဌာနသို့ ပြောသည်။

“စီးပွားရေးအခြေအနေက   တည်ငြိမ်နေပါတယ်။   ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက်များကသာမက ကျွန်တော် တို့ကိုယ်တိုင်မျှော်မှန်းထားတဲ့ အခြေအနေ ထက်ကို ပိုမိုသာလွန်နေပါတယ်” ဟု ပူတင်က ပြောသည်။

ထို့ပြင်    စီးပွားရေး အညွှန်းကိန်းများ အနက်တစ်ခုဖြစ်သည့် အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားပြီဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုကလည်း  မျှော်မှန်းထားသည်ထက် နည်းပါးကာ ယခုအခါ အကျဘက်ကို ဦးတည်သွားနေပြီဖြစ်ကြောင်း   ပူတင်က ဆက်ပြောသည်။

ရုရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် လက်ရှိတွင် ၁၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် ပထမသုံးလပတ်တွင် ၅ ရာခိုင်နှုန်း ဝန်းကျင်သို့ ကျဆင်းသွားဖွယ်ရှိသည်။

ထို့အတူ စက်မှုလုပ်ငန်းမှ ထုတ်လုပ်မှု ပမာဏကလည်း  တိုးတက်လာကြောင်း၊ ၎င်းအပြင် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ ထုတ်လုပ်မှုများသည်လည်း တိုးတက်လာကြောင်း  ပူတင်ကဆိုသည်။

ထို့ကြောင့် လက်ရှိရုရှားနိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်သည်ဟု မပြောနိုင်သော်လည်း တည်ငြိမ်မှုရှိသည့်အတွက်   စိတ်ကျေနပ်စရာကောင်းသည်ဟု ဆိုနိုင်ကြောင်း ရုရှားသမ္မတက အလေးပေး ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း    ရုရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည်   ဗဟိုဘဏ်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့က ယခင်ခန့်မှန်းထားသည့် ၁၂ ရာခိုင်နှုန်းကို ကျော်မည်ဟူသော    မျှော်မှန်းချက်ထက် နည်းပါးလျက်ရှိသည်။

ငွေကြေးဖောင်းပွမှုသည်  ဧပြီလတွင် အမြင့်ဆုံးအဖြစ် ၁၇ ဒသမ ၈၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းလများတွင်    တဖြည်းဖြည်း ကျဆင်းလာသည်။

အနောက်နိုင်ငံများမှ စီးပွားရေး ပညာရှင်များကမူ ရုရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀ ရာခိုင်နှုန်းကို ကျော်လွန်မည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။