နီပေါ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုမှ ရုပ်အလောင်း ၆၈ လောင်းကို ရရှိထား

နီပေါ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုမှ ရုပ်အလောင်း ၆၈ လောင်းကို ရရှိထား

နီပေါနိုင်ငံအလယ်ပိုင်း ပိုခါရာဒေသ၌ ဇန်နဝါရီ ၁၅ ရက်တွင်   ခရီးသည်တင် လေယာဉ်တစ်စင်း  ပျက်ကျမှုဖြစ်ပွားရာ ထိုပျက်ကျမှုမှ အနည်းဆုံး ရုပ်အလောင်း ၆၈ လောင်းကို ရရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုခရီးသည်တင်လေယာဉ်တွင် စုစုပေါင်း လူ ၇၂ ဦး လိုက်ပါသွားကြောင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း အရပ်ဘက်လေ ကြောင်းအာဏာပိုင် အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဂျာဂန်နက်နီရိုလာက ပြောသည်။

ရုပ်အလောင်းများကို လေယာဉ်ပျက်ကျ ရာနေရာရှိ အနက်မီတာ ၂၀၀ ရှိသော ဆက်တီမြစ်ချောက်ကမ်းပါး အတွင်းမှ တွေ့ရှိခြင်းဖြစ်ကြောင်း  ပိုခါရာဒေသတည်ရှိရာ ကက်စကီခရိုင်ရဲမှူး အာဂျေးကေစီက ပြောသည်။

လေယာဉ်၏   ၈၀  ရာခိုင်နှုန်းသည် မီးလောင် ပျက်စီးသွားပြီဖြစ်သောကြောင့် ကယ်ဆယ်ရေးအဖွဲ့ အနေဖြင့် ကျန်ရှိနေသော ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေ ကြောင်း နီပေါတပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ခရစ်ရှနာပရာ ဆတ်ဘန်ဒါရီ ကပြောသည်။

ပျက်ကျသွားသောလေယာဉ်သည် ယက်တီလေကြောင်းလိုင်းပိုင် ပြည်တွင်းခရီးစဉ်ပြေးဆွဲ သည့် ATR-72 လေယာဉ်ဖြစ်ပြီး   ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ခတ္တမန္ဒူမြို့ မှ ပိုခါရာဒေသသို့ပျံသန်း ထွက်ခွာသွားခြင်း ဖြစ်ပြီး ၁၀ နာရီ မိနစ် ၅၀ တွင် အဆက် အသွယ်ပြတ်တောက် သွားခြင်းဖြစ်သည်။

ထိုလေယာဉ်ပေါ်၌ ခရီးသည် ၆၈ ဦး နှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါသွား ပြီး ထိုခရီးသည်များတွင် အိန္ဒိယနိုင်ငံသား ငါးဦး၊ ရုရှားနိုင်ငံသားလေးဦး၊ တောင်ကိုရီး ယားနိုင်ငံသား နှစ်ဦးနှင့် သြစတြေးလျ၊ အိုင်ယာ လန်၊ အာဂျင်တီးနားနှင့် ပြင်သစ်နိုင်ငံတို့မှ တစ်ဦးစီ ပါဝင်သည်။

နီပေါနိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် တာရာလေကြောင်းလိုင်းမှ   ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်ပေါ် လိုက်ပါလာသူ ၂၂ ဦးစလုံး သေဆုံးသွား ကြောင်း သိရသည်။