မျှင်ငါးပိဈေးနှုန်းများ ကောင်းမွန်လာသဖြင့် ထုတ်လုပ် ရောင်းချသူများ အဆင်ပြေ

မျှင်ငါးပိဈေးနှုန်းများ ကောင်းမွန်လာသဖြင့် ထုတ်လုပ် ရောင်းချသူများ အဆင်ပြေ

    ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ပတ်ဝန်းကျင်ကျေးရွာများတွင်  နှစ်စဉ် ပွင့်လင်းရာသီချိန် ငါးပိပြုလုပ်ရန် ကုန်ကြမ်းဖြစ်သော မျှင်ကောင်ငယ်များ  ဖမ်းဆီးရမိတတ်သဖြင့် မျှင်ငါးပိပြုလုပ် ရောင်းချသူများရှိရာ  ယခုရက်ပိုင်းအတွင်း   မျှင်ငါးပိများ ဈေးကောင်း ရရှိနေသောကြောင့် လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“မျှင်ငါးပိက လက်သစ်နဲ့ လက်ဟောင်း နှစ်မျိုးရှိပြီး ငါးပိလက်ဟောင်းက ပိုအရသာရှိကာ ဈေးလည်းကောင်းပါတယ်။  ယခုကတော့  မျှင်ငါးပိအသစ်တွေပေါ်နေတဲ့ အတွက် ယခင်နှစ်ကကျန်တဲ့  လက်ဟောင်း ငါးပိတွေကို  ထုတ်ရောင်းနေကြတဲ့အတွက် ဈေးကောင်း ရရှိနေတာဖြစ်ပါတယ်” ဟု ငါးပိထုတ်လုပ်ရောင်းချသူ ကိုမောင်ငယ်က ပြောသည်။

ဟိုင်းကြီးကျွန်းဒေသထွက်  မျှင်ငါးပိများအား   ပုသိမ်နှင့်ရန်ကုန် ဈေးကွက်တို့မှ မှာယူမှုများလာခြင်းကြောင့်  ဈေးကောင်းရရှိနေခြင်းဖြစ်ပြီး   လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း မျှင်ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ် နှစ်ဦးပိုင်းမှစ၍   မျှင်ငါးပိတစ်ပိဿာ လျှင်  ငွေကျပ် ၁၂၀၀၀ အထိ ဈေးကောင်း ရရှိလာခြင်းဖြစ်သည်။ မျှင်ငါးပိလုပ်ငန်းကို   ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ဇီးချိုင်၊ ကံချိုင်၊ ဖောင်တိုး  စသည့် ကမ်းခြေကျေးရွာတို့တွင် အများဆုံး လုပ်ကိုင်ကြပြီး  ယခုကဲ့သို့ပွင့်လင်းရာသီ ရောက်တိုင်း မျှင်ကောင်ငယ်များအား ပင်လယ်ပြင်တွင်  ရှာဖွေဖမ်းဆီးကာ   မျှင်ငါးပိ ထုတ်လုပ်ရောင်းချကြကာ ယခုနှစ်  နှစ်ဦးပိုင်းတွင်   မျှင်ငါးပိအရောင်းအဝယ်ကောင်းကာ ဈေးကောင်း ရရှိနေကြသဖြင့်   လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း  သိရသည်။