စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၅)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၅)

မော်သာထွေး(မန္တလေး)

 အမှတ်စဉ် (၂၅)

ရေအားလျှပ်စစ်နည်းပညာတွေ ဘယ်လောက်ပြောင်းတယ်ပြောပြော ရိုးရှင်းတဲ့လျှပ်စစ်ထုတ်လုပ်မှုဖြစ်တာကြောင့် ရေသယံဇာတ သာကြွယ်ဝရင် ရေအားလျှပ်စစ်ကိုပဲ ဦးစားပေးကြတယ်။ ကျန်တဲ့အရင်းအမြစ်တွေကို အရောအနှော (Generation Mix)  မှန်ကန်စေဖို့  ဖြည့်ကြတယ်။

၂၀၁၆ ခုနှစ် International Hydropower Association (IHA) အစီရင်ခံစာအရ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ထဲမှာ ရေအားလျှပ်စစ်ဟာ ၇၁ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ဆိုပါတယ်။ ကမ္ဘာမှာ တပ်ဆင်စက်အင်အား ၁၀၆၈  GW (Gigawatt) ထိ ရောက်ရှိလာနေပြီး နှစ်စဉ် ၄ ရာခိုင်နှုန်း တိုးတက်လာနေပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံး ရေအားလျှပ်စစ် တပ်ဆင်အင်အားဟာ 2050 GW ထိရှိလာမှာပါ။ တစ်ကမ္ဘာလုံးရဲ့ လျှပ်စစ်စွမ်းအင်အသုံးရဲ့ ၁၆ ဒသမ ၄ ရာခိုင်နှုန်းဟာ ရေအား လျှပ်စစ်ကိုသုံးနေပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ဖို့ ရေအားလျှပ်စစ်ကိုတိုးပြီး ထုတ်လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်အရောက်မှာ  (၁၅ နှစ်အတွင်း)  သုံးဆတိုးတက်ခဲ့တယ်။  ၁၅ နှစ်အတွင်း   နိုင်ငံရဲ့ ရေအားလျှပ်စစ်ကို သုံးဆတိုးပြီး ထုတ်ခဲ့နိုင်တာဟာ တရုတ်ပြည်စီးပွားရေးကို အဓိကမောင်းနှင်အားဖြစ်စေခဲ့တယ်။ အောက်ပါ ဇယားမှာ လေ့လာနိုင်ပါတယ်။   (source; -World Energy Council Hydropower Report 2016)

ရေအားလျှပ်စစ်အများဆုံး ထုတ်လုပ်နေသော နိုင်ငံများ(၂၀၁၅ ခုနှစ်)

(1 TWh = 1012 Watt-hour)

တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အရ ၂၀၂၀ ပြည့်နှစ်အရောက်မှာ ရေအားလျှပ်စစ်တပ်ဆင်အင်အားဟာ  ၃၅၀ GW နဲ့  Pump Storage   ရေအားလျှပ်စစ် ၇၀ GW ထိ တိုးတက်လာမယ်လို့ ရည်မှန်းထားပါတယ်။ (1 GW = 109 Watt) (Sources; REN21, IHA- 2015)

တူရကီနိုင်ငံ Coruh မြစ်ပေါ်မှရေအားလျှပ်စစ် အဆင့်ဆင့်ထုတ်လုပ်မှု

အမေရိကန်နိုင်ငံ Columbia မြစ်ပေါ်မှ ရေအားလျှပ်စစ် အဆင့်ဆင့်ထုတ်လုပ်မှု

ရေအားအရင်းအမြစ်ပိုင်ဆိုင်မှုနှင့် ထုတ်ယူသုံးစွဲမှု

တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ်အရင်းအမြစ်နဲ့ ထုတ်လုပ်သုံးစွဲနေတဲ့ အချိုးကိုအောက်ဖော်ပြပါအတိုင်း ကောက်နုတ် နှိုင်းယှဉ် ပြပါမယ်။

ရေအားအရင်းအမြစ်ပိုင်ဆိုင်မှုနှင့် ထုတ်လုပ်မှုသုံးစွဲမှု (၂၀၁၅ ခုနှစ်)

Source; IHA-2016

နိုင်ငံအလိုက် ရေအားလျှပ်စစ် တပ်ဆင်အင်အားအချို့

ကမ္ဘာပေါ်မှ နိုင်ငံအချို့ရဲ့ ရေအားလျှပ်စစ် တပ်ဆင်အင်အားများကို စိတ်ဝင်စားဖွယ် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

နိုင်ငံများ၏ ရေအားလျှပ်စစ်တပ်ဆင်အင်အား (၂၀၁၅ ခုနှစ်)

Source; IHA (2016) , Statistical Review of world Energy 2016

စုစုပေါင်းတစ်ကမ္ဘာလုံးမှာ တပ်ဆင်ထားတဲ့ ရေအားလျှပ်စစ်တပ်ဆင်အင်အားဟာ ၂၀၁၆ ခုနှစ် ယာယီစာရင်းအရ စုစုပေါင်း ၁၂၄၁ (GW) (Gigawatt)ရှိပြီး ၎င်းနှစ်အတွင်း ရေအားလျှပ်စစ်မှ ထုတ်လုပ်ပေးခဲ့တဲ့ လျှပ်စစ်ဓာတ်အားပမာဏက ၄၀၇၀ (TWh) (Terawatt-hour)ထိရှိတယ်လို့ World Energy Council, World Energy Resources, Hydro-Power 2016 က ဆိုပါတယ်။ ဒါကြောင့် ရေအားလျှပ်စစ် တပ်ဆင်အင်အားဟာ တစ်ကမ္ဘာလုံးမှာ တပ်ဆင်ထားတဲ့ ဓာတ်အားပေးစက်များရဲ့ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး ထုတ်လုပ်မှုဓာတ်အားပမာဏကတော့ ၁၆ ရာခိုင်နှုန်းခန့်ရှိပါတယ်။ အခြားအရင်းအမြစ်နဲ့ယှဉ်ရင် ရေအားလျှပ်စစ်ရဲ့ အချိုးဟာ နည်းနေသလိုထင်ရပါတယ်။ ဒါကလည်း နိုင်ငံတိုင်းမှာရေအားလျှပ်စစ်ထုတ်နိုင်မယ့် အရင်းအမြစ်မကြွယ်ဝတာရယ်၊ ရေအားအရင်း အမြစ်ကြွယ်ဝတဲ့ နိုင်ငံတွေဟာလည်း ဆင်းရဲတဲ့နိုင်ငံတွေ အများစုဖြစ်နေတာရယ်ကြောင့် ရေအားလျှပ်စစ်အချိုးက နိမ့်နေတာပါ။

သြစတြီးယားနိုင်ငံ Danube မြစ်ပေါ်မှ ရေအားလျှပ်စစ်တမံအဆင့်ဆင့်ရေအားလျှပ်စစ်ရှေ့မျှော်မှန်းချက်

၂၀၄၀ ပြည့်နှစ်မှာ ယခု ၂၀၁၆ ခုနှစ် တပ်ဆင်အင်အားထက် အနည်းဆုံး ထက်ဝက်ခန့် တိုးချဲ့လာကြမှာဖြစ်လို့ တပ်ဆင်အင်အားဟာ ၁၈၀၀ မှ ၂၀၀၀ GW ထိရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်အားထုတ်လုပ်မှုမှာလည်း ၂၀၄၀ ပြည့်နှစ်မှာ ရေအား လျှပ်စစ်ကနေ ထက်ဝက်ထပ်တိုးလာမှာဖြစ်လို့ ထုတ်လုပ်မှု ၆၀၀၀ မှ ၆၉၀၀ TWh ထိ ရောက်ရှိလာမယ်လို့ခန့်မှန်းကြပါတယ်။ တစ်ကမ္ဘာလုံးမှာ စီးပွားရေးတွက်ခြေကိုက် ရေအားလျှပ်စစ်နဲ့ နှစ်စဉ်ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားဟာ ၈၈၈၂ TWh ရှိပါတယ်။ ၂၀၄၀ ပြည့်နှစ်မှာ ရေအားနဲ့ထုတ်လုပ်ပေးမယ့် ဓာတ်အားဟာ အဲဒီပမာဏရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးလောက် ထုတ်ယူသုံးစွဲပြီး ဖြစ်လာပါမယ်။  ဒီထဲမှာ အာရှမှာ ထုတ်ယူသုံးစွဲဖို့ကျန်နေတဲ့ မြန်မာ၊ လာအို၊ မလေးရှား၊ ဘူတန်၊ အိန္ဒိယ၊  ပါကစ္စတန်နဲ့တရုတ်  စတဲ့နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေက အဓိကထုတ်ယူကြမယ်လို့ ယူဆထားပါတယ်။ ဓာတ်အားစနစ်ကို အရည်အသွေး ပြည့်မီအောင် တည်ငြိမ်အောင် ထိန်းပေးနိုင်တာဟာလည်း ရေအားအရင်းအမြစ်သာရှိပါတယ်။

ဓာတ်အားတည်ငြိမ်အောင် ထိန်းချုပ်နိုင်တာရေအားလျှပ်စစ်ပဲရှိတယ်

ရေအားလျှပ်စစ်ကသာ ဆောင်ရွက်ပေးနိုင်တဲ့ထူးခြားချက်တွေကတော့ -

(           က        )           လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက် ဓာတ်အားထုတ်လုပ်မှုကို မြှင့်တင်နိုင်ခြင်း၊ မလိုတဲ့အချိန် လျှော့ချနိုင်ခြင်း၊ စက်ရပ်ခြင်း၊ စက်လည်ခြင်းကို ချက်ချင်းဆောင်ရွက်နိုင်ခြင်း၊

(           ခ          )           ဓာတ်အားပိုလျှံချိန်မှာ ဓာတ်အားစနစ်တည်ငြိမ်ရေးအတွက် Pump Storage Turbine အဖြစ် အသွင် ပြောင်းပြီး ပိုလျှံဓာတ်အားကို အသုံးပြုနိုင်ခြင်း။

ဒီနှစ်ချက်ဟာ အခြားသောအရင်းအမြစ်သုံးဓာတ်အားပေးစက်များမှာ မရှိတဲ့ အားသာချက်တွေပါပဲ။

ဒီထဲမှာ ပထမတစ်ချက်ကိုတော့ အများစုသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒုတိယအချက်ဖြစ်တဲ့ Pump Storage ဆိုတာဘာလဲ ဆိုတာကို နောက်အခန်းမှာ ရှင်းပြပါမယ်။                     

 ဆက်လက်ဖော်ပြပါမည်။