နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်  ဇန်နဝါရီ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ခွဲ ခေါင်းဆောင်များ၊    အတွင်းရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊  မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာစာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်း နယ်ပယ်အသီးသီးမှာ ပါဝင်ခွင့်ရရှိစေဖို့နဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို  ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီမှာ အဖွဲ့ဝင်အဖြစ်   နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ အမျိုးသမီးကော်မတီများမှာလည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းယန္တရားကို ပိုမိုအသက်ဝင်စေကာ လုပ်ငန်းတာဝန်များ ထိရောက်ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအနေနဲ့   နိုင်ငံတော်က ဆောင်ရွက်လျက်ရှိတဲ့ ကျား၊ မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများ အား ကာကွယ်စောင့်ရှောက် ခြင်းနဲ့ စွမ်းပကားမြှင့်တင်ခြင်း လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ စတဲ့ နိုင်ငံတကာလုပ်ငန်းအစီအစဉ်များကို  နိုင်ငံတော်ရဲ့မူဝါဒနှင့်အညီ အကောင်အထည် ဖော်လျက်ရှိတာဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ် ကာလအတွင်း ချီးမြှင့်ခဲ့တဲ့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကို မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ကျေးလက်နေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်က ထိုက်ထိုက် တန်တန် ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) Phase 1 ပါ လုပ်ငန်းစဉ်များဖြစ်တဲ့ အမျိုးသမီးများနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေနဲ့ ပဋိပက္ခဒေသအတွင်းရှိ အမျိုးသမီး များအတွက် လုပ်ငန်းရပ်များ ဆောင်ရွက်ပေးလျက်ရှိရာမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိတာကို သိရှိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၃၂) (NSPAW) Phase 2 ရေးဆွဲရေးကို ဆက်လက် ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနဲ့အတူ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့နဲ့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး သည့်နေရာများ၊ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို အထူးလေးစားအားရဖွယ် တွေ့ရှိရပါ ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဆိုင်ရာလုပ်ငန်းများအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကော်မတီအဖွဲ့ဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ များစွာ အရေးပါတာဖြစ်လို့ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနဲ့အတူ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ကျေးရွာများအား ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက လွှမ်းခြုံမှုနှင့်စွမ်းဆောင်မှု အကောင်းဆုံးဆုတွင် ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ မကွေးတိုင်းဒေသကြီး၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် အထူးဆုရ ချင်းပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက လွှမ်းခြုံမှုအကောင်းဆုံးဆုတွင် ပထမဆုရ ကချင်ပြည်နယ်၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ နေပြည်တော် ကောင်စီနယ်မြေတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ် က စွမ်းဆောင်မှု အကောင်းဆုံးဆုတွင် ပထမဆုရ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရ ကရင်ပြည်နယ်၊ တတိယဆုရ ရခိုင်ပြည်နယ်နှင့် အထူးဆုရ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ နာယက ဒေါ်နီနီဝင်းက စဉ်ဆက်မပြတ် စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရ ရှမ်းပြည်နယ်၊ တတိယဆုရမွန်ပြည်နယ်နှင့် အထူးဆုရ မန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း    အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင် နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကို    လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နေ့လယ်ပိုင်း (ပထမပိုင်း အစီအစဉ်)ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမှာစကား ပြောကြားပြီး သဘာပတိအဖြစ်ဆောင်ရွက်သည်။ ဆက်လက်၍ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များက ၂ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကိုတင်ပြကြပြီး တင်ပြချက်များအပေါ် သဘာပတိမှ ပြန်လည် သုံးသပ်ခဲ့ သည်။

ဆက်လက်၍ အစည်းအဝေးနေ့လယ်ပိုင်း(ဒုတိယပိုင်းအစီအစဉ်)ကို ဆက်လက်ကျင်းပ ရာ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်တင်တင်လတ်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက ၂ နှစ်တာကာလအတွင်း ဆောင်ရွက် ချက်များကို တင်ပြကြရာ  တင်ပြချက်များအပေါ် သဘာပတိမှ  ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့်  အဆိုပါ နှစ်ပတ်လည် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ရက်မှ ၁၇ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

(သတင်းစဉ်)