တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ - ၁၇

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်သော Sinopharm နှင့်  Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ Sinopharm ဆေး ၆၄၄၁ လုံး၊ Myancopharm ဆေး ၆၁၉၀ လုံးနှင့် ဆေးထိုးအပ် ၆၃၁၅၅ ချောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ Sinopharm ဆေး ၁၄၀၉ လုံး၊ Myancopharm ဆေး ၅၉၆ လုံးနှင့် ဆေးထိုးအပ် ၁၃၀၂၅ ချောင်းတို့ကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။

အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။