ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်တို့မှ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များသို့ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်  ကူညီရွှေ့ပြောင်း ပေးခြင်းများဆောင်ရွက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်တို့မှ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များသို့ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်  ကူညီရွှေ့ပြောင်း ပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၁၇

          ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ(၂၇)ရွာနှင့် ဆမီးမြို့နယ်အတွင်း ရှိ ကျေးရွာ(၃၀)တို့မှ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံအိမ်ထောင်စုဝင် များအား ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ဇန်နဝါရီလ ဒုတိယပတ်အတွင်းက သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ကြရာ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ နယ်မြေခံတပ်များမှ တာဝန်ရှိသူများက အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၄ စုအတွက် ထောက်ပံ့ငွေကျပ် ၂၇ သိန်းနှင့် ဆမီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၃၃၃ စု တို့အတွက် ထောက်ပံ့ငွေကျပ် ၁၆၆၅၀၀၀၀ တို့ကို သက်ဆိုင်ရာ နယ်မြေခံတပ်များမှ တာဝန်ရှိသူ များက အသီးသီးထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့  ပြန်လည်နေထိုင်ကြမည့် ယာယီနေရပ်စွန့်ခွာသူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စုဝင်များ၏ အိမ်သုံးပစ္စည်းများကို သယ်ယူ ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။