အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာ ရည်ချွန်ဆုပေးပွဲများပြုလုပ်

အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာ ရည်ချွန်ဆုပေးပွဲများပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ- ၁၇                                    

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့နယ်များရှိ အခြေခံပညာ ကျောင်းများ၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေး ပွဲကို ဇန်နဝါရီ ၁၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာကျောင်းများ၌ အသီးသီးပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းများ၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားများကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ဖော်ကပြဖျော်ဖြေခြင်းနှင့် ဘင်ခရာတီးဝိုင်းဖြင့် တီးခတ်ဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုအားပေးစကားများပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုများပေးအပ်ကာ  ပညာရေးစုံညီပွဲတော်၌ ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြခန်းများတွင် လက်တွေ့ ပြသကြသည့် ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ပြုလုပ်ထားသော စက်မှု၊ လက်မှု လက်ယာများနှင့် သင်ထောက်ကူပစ္စည်းပြခန်းများကို လိုက်လံကြည့်ရှုအားပေးကြသည်။

          အလားတူ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်း၌ ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို တက်ရောက်အားပေးပြီး  ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်‌ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲ များတွင် ဆုရရှိခဲ့ကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းဘက်စုံသုံးနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ချုပ်မှု တာဝန်ခံက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ပြခန်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။