ဗီယက်နမ်သမ္မတ ငုယင်စွမ်ဖူ ရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်

ဗီယက်နမ်သမ္မတ ငုယင်စွမ်ဖူ ရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်

ဗီယက်နမ်သမ္မတ   ငုယင်စွမ်ဖူသည် ဇန်နဝါရီ ၁၇ ရက်တွင်   သမ္မတရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံအတွင်း အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်နှင့် လုပ်ဆောင်နေစဉ် သမ္မတတစ်ဦးအနေဖြင့်   ယခုကဲ့သို့ရာထူးမှ နုတ်ထွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ငုယင်စွမ်ဖူသည် စီးပွားရေးကို ဦးစားပေးသည့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ စ၍ နိုင်ငံ၏သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ အဓိပတိ အုပ်ချုပ်သူဟူ၍မရှိဘဲ   ပါတီအတွင်းရေးမှူး၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌဟူသည့် မဏ္ဍိုင်လေးခုအပေါ် ရပ်တည်နေခြင်းဖြစ်သည်။

ငုယင်စွမ်ဖူအနေဖြင့် ၎င်း၏ အုပ်ချုပ်မှုအောက်ရှိ အရာရှိကြီးများ၏ စည်းကမ်းချိုးဖောက်မှုများ၊ လုပ်မှားကိုင်မှားမှုများကြောင့် တာဝန်ရှိသူဖြစ်သည်ဟု အာဏာရ ကွန်မြူနစ်ပါတီကပြောသည်။

ထို့ပြင် အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် ငုယင်စွမ်ဖူသည် ဒုတိယဝန်ကြီးချုပ်နှစ်ဦးနှင့် ဝန်ကြီးသုံးဦး အပါအဝင် အရာရှိကြီးများ ကျူးလွန်သော ပြစ်မှုများအတွက် အပြည့်အဝတာဝန်ရှိကြောင်း    အစိုးရအဖွဲ့ကလည်း ပြောထားသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ထိပ်တန်း တာဝန်ရှိသူများနှင့် သံတမန်များ အပါအဝင် ပါတီဝင် ၅၃၉ ဦးကို အကျင့်ပျက်ခြစားမှု၊ ရည်ရွယ်ချက်ရှိရှိ   အမှားလုပ်မှုတို့ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။