လန်ဒန်ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ အလုပ်ဖြုတ်ခံရဖွယ်ရှိ

လန်ဒန်ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ အလုပ်ဖြုတ်ခံရဖွယ်ရှိ

    ဗြိတိန်နိုင်ငံ  လန်ဒန်မြို့ရှိ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာအနေဖြင့် လိင်ပိုင်းဆိုင်ရာ ပြစ် မှုများ၊ အိမ်တွင်း အကြမ်းဖက်သည့်ပြစ်မှုများနှင့် ပတ်သက်၍ အလုပ်ဖြုတ်ခံရဖွယ်ရှိ နေကြောင်း လန်ဒန်ရဲမင်းကြီးက ဇန်နဝါရီ ၁၇ ရက်တွင်ပြောသည်။

လန်ဒန်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း  မကောင်းသတင်း အပုပ်နံ့များဖြင့် ကျော်ကြားခဲ့ခြင်းဖြစ်ပြီး နှစ် ၂၀ နီးပါးကြာ   ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၄၈ နှစ်ရှိ   ဒေးဗစ်ကားရစ်၏ သတင်းကြောင့် အဖတ်ဆယ်မရအောင်   သိက္ခာကျဆင်းခဲ့ရသည်။

ဒေးဗစ်ကားရစ်သည် ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အဓမ္မပြုကျင့်မှု ၂၄ ခုအထိ ကျူးလွန်ခဲ့ပြီး ၎င်းအနေဖြင့် ထိုသို့ကျူးလွန်သည်ကို လုပ်ဖော်ကိုင်ဘက် များက ရပ်တန့်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

ထို့နောက် လန်ဒန်ရဲမင်းကြီး မာ့ရိုးလေး က လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနှင့် အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များ စုစုပေါင်း ၁၀၀၀ ကျော်အတွက် ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောသည်။

မာ့ရိုးလေးသည်  ပြီးခဲ့သည့်လေးလ ကတည်းက ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကိုပြန် လည် အဖတ်ဆယ်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့်  ရဲတပ်ဖွဲ့ဝင်ရာပေါင်းများစွာ အလုပ်ပြုတ်နိုင်သည်ဟု  ပြောထားသည်။