NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် ဆွီဒင်နိုင်ငံက အကြမ်းဖက် အားပေးနိုင်ငံဖြစ်

NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် ဆွီဒင်နိုင်ငံက အကြမ်းဖက် အားပေးနိုင်ငံဖြစ်

NATO  အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်လွှာတင်ထားသည့် ဆွီဒင်နိုင်ငံက အကြမ်းဖက် အားပေးနိုင်ငံဖြစ်ပြီး အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ဌာန တစ်ခုဖြစ်နေကြောင်း တူကီယဲအစိုးရက ပြောသည်။

တူကီယဲနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ကာ့အဖွဲ့က တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်၏ ပုံတူရုပ်တုကို လူမြင်ကွင်းတွင် ဇောက်ထိုးဆွဲထားမှုအပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုကို ဆွီဒင်နိုင်ငံက ငြင်းဆိုပြီးနောက် ယခုကဲ့သို့ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံသည် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး အတွက် လျှောက်လွှာ တင်သွင်းထားသည့်နိုင်ငံဖြစ်ပြီး တူကီယဲ နိုင်ငံက ထိုသို့လျှောက်လွှာ တင်သွင်းထားမှုကို ကန့်ကွက်ထားသည့်နိုင်ငံဖြစ်သည်။

ထို့ကြောင့် ယခုဖြစ်စဉ်သည် အဆိုပါနှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုဆိုးဝါး လာစေမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ကာ့အဖွဲ့က  ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ တူကီယဲအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ လုပ်ဆောင်ရာတွင် အာဒိုဂန်၏ ပုံတူရုပ်တုကို ဇောက်ထိုးဆွဲထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တူကီယဲအစိုးရက ဆွီဒင်သံအမတ်ကြီးကို ခေါ်ယူသတိပေးကာ အကြမ်းဖက်အဖွဲ့များအပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

သို့သော် ဆန္ဒပြသူများသည် ၎င်းတို့၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းသာဖြစ်သည်ဟု ဆွီဒင်အစိုးရ ဘက်ရှေ့နေတစ်ဦးက ပြောထားသည်။

ထို့ကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု လုပ်ရန်ငြင်းဆိုမှုသည် အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့အနေဖြင့် ဆွီဒင်နိုင်ငံ၌ ၎င်းတို့ဆန္ဒရှိသလို   လုပ်ဆောင်နိုင်သည် ဟူသော သဘောဆောင်နေကြောင်း၊ ယင်းအတွက် ဆွီဒင်နိုင်ငံသည် တူကီယဲနိုင်ငံ၏ မိတ်ဆွေနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ကြောင်း တူကီယဲအာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။