စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၇)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၇)

 အမှတ်စဉ် (၂၇)

ရေအားလျှပ်စစ်ကတော့ စက်ရဲ့သဘာဝအရ ဓာတ်အားစနစ်အတွက်လိုရင်လိုသလို တိုးထုတ်နိုင်သလို ချက်ချင်းလည်း လျှော့ချလို့ ရပါတယ်။ ရပ်ရင်လည်း ချက်ချင်းရပ်လို့ရသလို ပြန်မောင်းချင်ရင်လည်း ချက်ချင်း ပြန်မောင်းလို့ရပါတယ်။ စက်ကိုလည်း မထိခိုက်ဘူး။ ဓာတ်အားခဈေးနှုန်းကလည်း သူအသက်သာဆုံးပါပဲ။ ဒါကြောင့် ရေအားလျှပ်စစ်အရင်းအမြစ်သာ ဓာတ်အားစနစ်ကို  ငြိမ်အောင်ထိန်းပေးနိုင်တာ၊ လိုတိုးပိုလျှော့ လုပ်ပေးနိုင်တာလို့ ပြောရမှာပါ။ ကမ္ဘာမှာ ရာနှုန်းပြည့်နီးပါး ရေအားလျှပ်စစ်နဲ့ ဓာတ်အားပေးနေတဲ့ နိုင်ငံတွေထဲ နော်ဝေ၊ ပါရာဂွေး၊ ဘရာဇီးတို့က ထိပ်ဆုံးကပါပဲ။ ရေအားလျှပ်စစ်ကို အမာခံထားတဲ့ ဆွစ်ဇာလန်၊ သြစတြီးယား၊ ဗင်နီဇွဲလား၊ နယူးဇီလန်၊ ကနေဒါတွေလည်း ရှိပါတယ်။  ဒါကြောင့်  ရေအားလျှပ်စစ်သာ  ပေါကြွယ်ဝရင်  ဒါကိုပဲ ဦးစားပေးသုံးဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

ဒီလိုအရင်းအမြစ်ပေါင်းစုံ အချိုးညီမောင်းနေတဲ့အချိန်မှာ Voltage နဲ့ Frequency ကို ထိန်းဖို့ရေအားစက်ရုံတွေ လျှော့ရုံနဲ့ မလုံလောက်တော့ဘူးဆိုရင် Pump Storage စက်ရုံတွေဟာ ချက်ချင်း Turbine Action ကနေ Pump Action အဖြစ် ပြောင်းလိုက်ပြီး ပိုလျှံနေတဲ့ ဓာတ်အားကိုယူသုံးပြီး ဓာတ်အားစနစ်ကို ငြိမ်အောင်ထိန်းပေးကြပါတယ်။ ဓာတ်အားခသက်သာလို့ ရေပြန်တင်ပြီး သုံးတယ်ဆိုတာထက် ဓာတ်အားစနစ်တည်ငြိမ်အောင် ထိန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်က ပိုမိုလေးနက်ပါတယ်။ ဓာတ်အားစနစ် တည်ငြိမ်ဖို့ ဒီစက်ရုံမျိုးတွေ တည်ဆောက်ကြတာပါ။

ဒီစက်ရုံမျိုးဟာ မြန်မာပြည်မှာ မရှိသေးပါဘူး။ နောက်တည်မယ့် (ရေလှောင်ကန်ပါတဲ့) စက်ရုံအချို့မှာ စတင်ထည့်သွင်း အသုံးပြု သင့်ပါပြီ။ တစ်နိုင်ငံလုံး  ဓာတ်အားအလုံအလောက် ရစေရမယ်ဆိုတဲ့စိတ်နဲ့ ဓာတ်အားစနစ်ကို တည်ဆောက်ချင် တယ်ဆိုရင် အရေအတွက်ရော အရည်အသွေးပါ ကောင်းလာအောင် ဒီလိုဘက်စုံစဉ်းစားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံအများစုဟာ ဓာတ်အားစနစ် မတည်ငြိမ်မှာကို ကြောက်လွန်းလို့ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းတွေ ကြိုတင်သွယ်တန်းပြီး ဓာတ်အားစနစ်ထဲက  ဓာတ်အားကို  စက္ကန့်အလိုက်  အပေးအယူ အတိုးအလျှော့လုပ်ပြီး ရောင်းဝယ်သုံးစွဲနေကြတာပါပဲ။ ဒီလိုရောင်းဝယ် တယ်ဆိုရာမှာ စက္ကန့်တိုင်း ဓာတ်အားစနစ်ထဲမှာ ဓာတ်အားအသွားအပြန် ဖြစ်နေပြီး ဈေးနှုန်းကလည်း ဝယ်လိုအား ရောင်းလိုအားအရ စက္ကန့်အလိုက် ပြောင်းနေကြပါတယ်။ ဒါတွေကို လူကလိုက်လုပ်စရာမလိုပါဘူး။ စနစ်ထဲမှာ အလိုအလျောက် ဝယ်ရောင်းလုပ်နေ တာပါ။ ဒါတွေကို ကြိုတင်တွေးဆပြီး ပင်မစီမံချက် (Master Plan) တွေရေးဆွဲပြီး ဆောင်ရွက်ကြရတာပါ။ ရက်တို၊  နှစ်တိုစာ လောက်  ဓာတ်အားပေးနိုင်ရုံ  စီမံလို့မရပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့လိုပါတယ်။

လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးတယ်ဆိုတာ များများရဖို့ တစ်ခုတည်းမဟုတ်ဘဲ ဓာတ်အားစနစ်ကောင်းမွန်အောင် စီမံထိန်းချုပ်နိုင်မယ့် အခြေအနေဖြစ်အောင်လုပ်ဖို့လည်း တာဝန်ရှိပါတယ်။ ဓာတ်အားစနစ်ကို ငြိမ်အောင်ထိန်းဖို့ ရေအားလျှပ်စစ်ကသာ လုပ်ပေးနိုင်ပါ တယ်။ နိုင်ငံတကာမှာ ဘယ်လောက်အထိ အရေးပါနေသလဲဆိုတာ သိရအောင် Pump Storage Hydro Power Plant တွေ တပ်ဆင်ထားတဲ့ နိုင်ငံတွေကို အမည်နဲ့ ဖော်ပြရင်း Pump Storage ခေါင်းစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

နိုင်ငံအလိုက် Pump Storage Hydro Power တပ်ဆင်အင်အားများ (၂၀၁၅ ခုနှစ်)

အခန်း(၈)

ကမ္ဘာအရပ်ရပ်က ကြီးမားသော ရေအားလျှပ်စစ်စက်ရုံများ

မိမိတို့နိုင်ငံမှာ ၇၉၀ မဂ္ဂါဝပ်ဆိုတဲ့ ရဲရွာစက်ရုံကို အကြီးဆုံးလောက်ထားပြီး ဂုဏ်ယူနေကြရတဲ့အချိန်မှာ ကမ္ဘာနဲ့အနှံ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေမှာတောင် မဂ္ဂါဝပ် ၁၀၀၀ ဝန်းကျင် ရေအားလျှပ်စစ်စက်ရုံတွေ များစွာပိုင်ဆိုင်နေကြပါပြီ။ ကိုယ်လည်းသုံး ပြည်ပလည်း လျှပ်စစ်တင်ပို့ပြီး ငွေရှာနေကြပါပြီ။ ကျွန်တော်တို့တစ်တွေ မြစ်ချောင်းတွေရဲ့ ကြမ်းတမ်းတဲ့ ရေစီးရေလာကိုထိန်းပြီး  သဘာဝဘေးအန္တရာယ်ကို  ကာကွယ်ဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ စိုက်ပျိုးရေးနဲ့ သောက်သုံးရေဖူလုံဖို့ လျှပ်စစ်ကို ဈေးသက် သက်သာသာနဲ့ လုံလောက်အောင်ရစေဖို့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေစခန်းတွေ ဖြစ်ထွန်းလာစေဖို့၊ ဒေသဖွံ့ဖြိုးဖို့စတဲ့ ရည်ရွယ်ချက်တွေကို ရှေ့တန်းတင်ဖို့ အချိန်ရောက်နေပါပြီ။ အခုဖော်ပြခဲ့တာတွေကို ရေအားလျှပ်စစ်က ဆောင်ရွက်ပေးနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)