ကိယက်မြို့ပြင်ရှိ မူကြိုကျောင်းအနီး ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ယူကရိန်း ပြည်ထဲရေးဝန်ကြီး ကွယ်လွန်

ကိယက်မြို့ပြင်ရှိ မူကြိုကျောင်းအနီး ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ယူကရိန်း ပြည်ထဲရေးဝန်ကြီး ကွယ်လွန်

    ယူကရိန်းပြည်ထဲရေး ဝန်ကြီး ဒန်းနစ်မိုနက်တာစကီ လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် ဇန်နဝါရီ ၁၈ ရက်တွင် ကိယက်မြို့ပြင်ရှိ မူကြိုကျောင်း တစ်ခုအနီးပျက်ကျရာ အဆိုပါဝန်ကြီး ကွယ်လွန်သွားကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ  စုစုပေါင်း ၁၈ ဦးရှိကြောင်း၊ ထိုအထဲတွင် ကလေးငယ်သုံးဦး ပါဝင်ကြောင်း၊ ကလေးငယ် ၁၀ ဦး အပါအဝင် ၂၂ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း     ကိယက်ဒေသ စစ်အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် အလက်ဆီကူလဲဘာက  တယ်လီဂရမ်၌  ရေးထားသည်။

သေဆုံးသူ ၁၈ ဦးအနက် ကိုးဦးမှာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူများဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊  ဒုတိယဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူများ  လိုက်ပါခြင်းဖြစ်ကြောင်းနှင့် အဆိုပါရဟတ်ယာဉ်သည်    ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ကြောင်း ယူကရိန်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ အီဂေါကလီမန်ကိုက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနကမူ ၎င်းတို့အနေဖြင့် စက်ချွတ်ယွင်းမှု၊ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှု၊ အဖျက်အမှောင့်လုပ်မှု အစရှိသော ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် အကြောင်းရင်းများကို    အသေးစိတ် လေ့လာမှုများ   လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

အလားတူ   ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်စေရန် သီတင်းပတ် အနည်းငယ်ကြာ အချိန်ယူရမည်ဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်မှာ ပြင်သစ်နိုင်ငံထုတ် ရဟတ်ယာဉ်ဖြစ်ကြောင်း    ယူကရိန်း လေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အသက်  ၄၂ နှစ်သာရှိသေးသည့် ဒန်းနစ်မိုနက်တာစကီသည် ၂၀၁၉ ခုနှစ် သြဂုတ်လမှစ၍ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။