ဆော်ဒီအာရေဗျက ကုန်သွယ်ရေးတွင် ဒေါ်လာကို ဖယ်ရှားရန်အသင့်ရှိ

ဆော်ဒီအာရေဗျက ကုန်သွယ်ရေးတွင် ဒေါ်လာကို ဖယ်ရှားရန်အသင့်ရှိ

    ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးတွင် ဒေါ်လာအသုံးပြုမှုကို ဖယ်ရှားရန်နှင့် အခြားသောငွေကြေးများနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရေး အတွက် ဆွေးနွေးမှု လုပ်ဆောင်ရန်အသင့်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး မိုဟာမတ်အယ်ဂျာဒန်းက ပြောသည်။

တရုတ်နိုင်ငံက ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်မှု  ကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့်  အပြန်အလှန်ကုန်သွယ်ရေး လုပ်ရာတွင် အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ကို အသုံးပြုကာ စွမ်းအင်ဝယ်ယူမှုများ ပြုလုပ်သွားရန် အသင့်ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောပြီးနောက် တစ်လအကြာတွင် မိုဟာမတ်အယ်ဂျာဒန်း၏ သဘောထားမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေနံအလျှံပယ်ပေါကြွယ်ဝသော ဆော်ဒီအာရေဗျနိုင်ငံက   တရုတ်အပါအဝင် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး  ပိုမိုနက်ရှိုင်းခိုင်မာစေရန် လုပ်ဆောင်လာလျက် ရှိသည်။

ယခုလိုရေနံပေါကြွယ်ဝသော ဆော်ဒီအာရေဗျနိုင်ငံက ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာအစား အခြားငွေကြေး များကို အသုံးပြုရန် အသင့်ရှိသည်ဟု ပြောဆိုလာမှုက ၎င်းတို့အနေဖြင့် ရေနံတင်ပို့ရောင်းချရာတွင် ဒေါ်လာဖြင့်ဈေးနှုန်း သတ်မှတ်မှုကို   ဖယ်ရှားတော့မည်ဟု အရိပ်အမြွက် ပြောလာခြင်းဖြစ်သည်။

နိုင်ငံအများအပြားက   အမေရိကန်ဒေါ်လာကို   ဆက်လက်အသုံးပြုနေလျှင် အမေရိကန် အစိုးရချမှတ်သော အရေးယူ ပိတ်ဆို့မှုများကို လိုက်နာနေရသည့်အတွက် အထူးသဖြင့် ကုန်သွယ်ရေးတွင် နစ်နာမှုများ ရှိလာသောကြောင့် ဒေါ်လာအသုံးပြုမှုကို ဖယ်ရှားလိုလာခြင်း ဖြစ်ကြောင်း  သိရသည်။