ကမ္ဘာ့ဒေသအသီးသီးက ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာရာ

ကမ္ဘာ့ဒေသအသီးသီးက ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာရာ

ယမန်နေ့မှအဆက်

အဲဒီလူအုပ်ပိမှုဟာ  ဟောလိုးဝင်းပွဲ ကျင်းပရာ အီထယ်ဝန်အရပ်မှာဖြစ်ပွားခဲ့ တာပါ။ လူထောင်ပေါင်းများစွာက လမ်းကျဉ်းလေးထဲမှာတိုးဝှေ့သွားလာရင်း တစ်ဦးနဲ့တစ်ဦးတက်နင်းမိပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ သေဆုံးသူ ၁၉၇ ဦးရှိပါတယ်။

အာရှပစိဖိတ်ဒေသမှာသာမက ကမ္ဘာ့ သတင်းများမှာပါ အများဆုံးနေရာယူခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးချွတ်ခြုံကျမှုပါပဲ။

သီရိလင်္ကာနိုင်ငံဟာ ပြည်တွင်းကုန်ထုတ် လုပ်မှုမရှိသလောက်နည်းပါးပြီး ပြည်ပမှ တင်သွင်းရမှုအင်မတန် များပြားတာကြောင့် နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ အင်မတန်နည်းပါး သွားပါတယ်။

ဒါကြောင့် စီးပွားရေးကျပ်တည်းမှုကနေ တစ်ဆင့်ဖြစ်ပွားတဲ့ နိုင်ငံတစ်ဝန်းဆန္ဒပြမှုများက သီရိလင်္ကာသမ္မတနန်းတော်ကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းလိုက်နိုင်တဲ့အထိ ဖြစ်သွားတာတွေ့ရပါတယ်။ အဲဒီကနေမှ တစ်ဆင့် သီရိလင်္ကာဝန်ကြီးချုပ်နဲ့ သမ္မတ တို့လည်း  ရာထူးကနေနုတ်ထွက်သွားရပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ  အာရှပစိဖိတ်ဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်ရာနေရာ ဖြစ်တယ်ဆိုတာနဲ့အညီ အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကြား တစ်ဦးကိုတစ်ဦး  သွေးတိုးစမ်း အင်အားပြမှုတွေ သည်လည်း ၂၀၂၂ ခုနှစ်အတွင်းမှာဖြစ်ပွား ခဲ့ပါသေးတယ်။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ တရုတ်နိုင်ငံက သူ့ရဲ့ပြည်နယ်တစ်ခုပါလို့ အတိအလင်းပြောထားပြီး အမေရိကန်ကလည်း လက်ခံထားတဲ့ တရုတ်(တိုင်ပေ)ဆီကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီလာရောက်သွားတဲ့ဖြစ်ရပ်ပါပဲ။

နန်စီပီလိုဆီဟာ တရုတ်နိုင်ငံနဲ့ အမေရိ ကန်အစိုးရတို့ တားမြစ်နေတဲ့ကြားက ခွဲထွက်ခွင့်ရရှိရေးကြိုးပမ်းနေတဲ့ တရုတ် (တိုင်ပေ)ဆီကို  တစ်ဇွတ်ထိုးသွားရောက်ခဲ့တာပါ။ အဲဒါရဲ့နောက်ဆက်တွဲအခြေ အနေကတော့ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။

နန်စီပီလိုဆီရဲ့ခရီးစဉ်ပြီးနောက် တရုတ် နိုင်ငံက ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ သူ့ရဲ့စစ်သင်္ဘောတွေနေရာယူပြီး ကျည်စစ်ကျည် မှန်အသုံးပြု သဏ္ဌာန်တူစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ အခုအချိန်ထိလည်း    တရုတ်က  အလားတူစစ်ရေး လေ့ကျင့်ခန်းတွေလုပ်နေဆဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း  အာရှပစိဖိတ် ဒေသမှာ  နောက်ထပ်ရေပန်းအစားဆုံး သတင်းတစ်ခုက မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများပါ။

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ် အတွင်းစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အရေအတွက်က သမိုင်းတစ်လျှောက် အများဆုံး ဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။

အဲဒီဒုံးကျည်တွေထဲမှာ အမေရိကန် နိုင်ငံထဲအထိပင်      ရောက်ရှိနိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ်   တိုက်ချင်းပစ်ဒုံးကျည်များလည်း ပါဝင်ပါတယ်။

ဥရောပဒေသ

ဥရောပဒေသအတွက်တော့ ၂၀၂၂ ခုနှစ်မှာ   တကယ့်ကိုအရေးအပါဆုံး၊ အရေး အကြီးဆုံးနှစ်တစ်နှစ်  ဖြစ်ခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဒေသတွင်းမှာသာမက ဒေသပြင်ပမှာပါ တင်းမာမှုတွေမြင့်တက်ခဲ့သလို ဥရောပ ဒေသတွင်းနိုင်ငံများရဲ့ နိုင်ငံရေးသည် လည်း အလှည့်အပြောင်းများဖြစ်ပေါ်ခဲ့ပါတယ်။

မပြီးဆုံးနိုင်သေးတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ နောက်ဆက်တွဲအခြေအနေများ ကြောင့် လူမှုရေးနဲ့စီးပွားရေးထိခိုက်မှုတွေ များစွာ ဖြစ်ပွားခဲ့ပါသေးတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအပြင် စွမ်းအင်နဲ့ ပတ်သက်လာရင် သူတို့အဓိကမှီခိုအား ထားနေရတဲ့ ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ခြင်းကြောင့် ဥရောပ ပြည်သူတွေခံစားရတဲ့ဒုက္ခကလည်း မသေးပါဘူး။

ရုရှားက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ ဆင်နွှဲခဲ့ပါတယ်။ အဲဒီလို ဆင်နွှဲမှုအပေါ် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများက ရုရှားအပေါ်ပြင်းထန် လှတဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်ပါတယ်။

သူတို့ရဲ့အရေးယူပိတ်ဆို့မှုတွေဟာ ထင်ထားသလိုမဖြစ်လာဘဲ ကမ္ဘာ့စွမ်းအင် ဈေးကွက်ကို ကမောက်ကမ ဖြစ်သွားစေတာကြောင့် ကမ္ဘာတစ်ဝန်းငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ကာ ပြည်သူတွေစားဝတ်နေရေး ကျပ်တည်းလာရပါတယ်။

နောက်တစ်ချက်က ဂျာမနီနိုင်ငံမှာ လူဦးရေတိုးပွားလာတဲ့ကိစ္စဖြစ်ပါတယ်။   ဒီလိုလူဦးရေတိုးပွားလာခြင်းက ကလေးမွေးဖွားမှု နှုန်းမြင့်တက်လာလို့မဟုတ်ပါဘူး။ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းကြောင့် သာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဂျာမနီနိုင်ငံထဲကို အဓိကဝင်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ များက ယူကရိန်းနိုင်ငံသားများ ဖြစ်ပြီး ယခင်ကတော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူ များက အများဆုံးဝင်ရောက်ခဲ့ကြတာပါ။

ဥရောပဒေသအကြောင်းပြောရင် ဗြိတိန်နိုင်ငံကိုလည်း  ချန်ထားခဲ့လို့မရပါဘူး။ ဗြိတိန်နိုင်ငံဟာ နိုင်ငံရေးမှာ အကဲဆတ်တဲ့ နိုင်ငံဖြစ်တဲ့နည်းတူ တစ်နှစ်အတွင်း ဝန်ကြီး ချုပ်သုံးယောက်ပြောင်းတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံအတွက် ပထမဆုံးလို့တောင်မှ ပြောနိုင်ပါတယ်။

သုံးနှစ်ကျော်ကြာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့      ဘောရစ်ဂျွန်ဆင်တစ်ယောက်   သူ့အပေါ် ယုံကြည်မှု မရှိတော့တဲ့ ပါတီဝင်တွေကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

အဲဒီနောက်  အမျိုးသမီးဝန်ကြီးချုပ်လစ်ထရက်က ဘောရစ်ဂျွန်ဆင်နေရာကို ဝင်ယူပြီး ရက်ပေါင်း ၅၀ အကြာမှာ အိန္ဒိယနွယ်ဖွား ရီရှီဆူးနက်ကို ဝန်ကြီးချုပ်တာဝန် တွေလွှဲပြောင်းပေးလိုက်ရပါတယ်။

ဗြိတိန်နိုင်ငံနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းကြီးတစ်ခုကတော့ နန်းသက်ရှည် ဘုရင်မကြီးဖြစ်တဲ့ အဲလိဇဘတ် ၂ နတ်ရွာစံကံတော်ကုန်သွားတဲ့အကြောင်းဖြစ်ပါတယ်။

ဘုရင်မကြီးဟာ အမျိုးသမီးဝန်ကြီးချုပ် လစ်ထရက်က  ဝန်ကြီးချုပ်တာဝန်များရယူပြီး မကြာခင် စက်တင်ဘာ ၈ ရက်မှာ နတ်ရွာစံသွားတာပါ။

သူနတ်ရွာစံချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး နန်းသက်တော့အနှစ် ၇၀ နဲ့ ၂၁၄ ရက်ရှိတာကြောင့် ဗြိတိန်နိုင်ငံသမိုင်း မှာ နန်းသက်အရှည်ဆုံးဘုရင်မကြီးအဖြစ်  မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မြောက်အမေရိက

ကမ္ဘာ့သတင်းအကြောင်းပြောရင် သူနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် နေရာတကာမှာဝင်ပါ လေ့ရှိတဲ့ အမေရိကန်နိုင်ငံကိုလည်း ချန်လှပ်ထားခဲ့လို့မရပါဘူး။

အမေရိကန်နိုင်ငံမှာတော့ ပြည်တွင်းနိုင်ငံရေးအကွဲအပြဲတွေဖြစ်ပွားပါတယ်။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်အပေါ် လူထု ထောက်ခံမှုက စံချိန်တင်ကျဆင်းပြီး အစိုးရသက်တမ်းဝက်လွှတ်တော်ရွေးကောက်ပွဲမှာ သူ့ရဲ့ဒီမိုကရက်တစ်ပါတီက ရီပတ်ဘလစ် ကန်တွေကို ရှုံးနိမ့်သွားရတဲ့အထိပါပဲ။

ဒါ့အပြင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့နေအိမ်မှာ လျှို့ဝှက်စာရွက်စာတမ်းတွေတွေ့ရှိတယ်ဆိုတဲ့ အချက်နဲ့ စွပ်စွဲမှုတွေလုပ်နေချိန်မှာပဲ ဂျိုးဘိုင်ဒင်ရဲ့ အရပ်ဘက်အကြံပေးအဖွဲ့မှာ   လျှို့ဝှက်စာရွက် စာတမ်းတွေကို တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

နောက်တစ်ခုက အမေရိကန်သူဌေးကြီး အီလွန်မက်က တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံနဲ့   ဝယ်ယူလိုက်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

သူ့အနေနဲ့ တွစ်တာကို ဝယ်မယ် မဝယ် ဘူးလုပ်နေရာကနေ နောက်ဆုံးမှာဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူလိုက်တာပါ။ ဒီလို ဝယ်ယူပြီးနောက်တစ်ရက်မှာပဲ တွစ်တာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်များကို ရာထူးကနေထုတ်ပယ်လိုက်တာဟာ ကမ္ဘာ့ သတင်းထဲမှာ ဟိုးလေးတကျော်ဖြစ်သွားရတဲ့အထိပါပဲ။

၂၀၂၂ ခုနှစ်ဟာ လက်ရှိအချိန်မှာ သက်ရှိထင်ရှားရှိနေသူတွေအားလုံး နဖူး တွေ့   ဒူးတွေ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့၊ ကောင်းခြင်း ဆိုးခြင်း  ရောပြွမ်းနေတဲ့နှစ် တစ်နှစ်ဖြစ်တယ်ဆိုတာတော့ အမှန်ပါပဲ။

ဒီလိုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝန်းဖြစ်ပျက်ခဲ့တဲ့ သတင်းများစွာကို ထုတ်ဖော်ရေးမယ် ဆိုရင် ကုန်နိုင်ဖွယ်ရာရှိမယ်မထင်ပါဘူး။

သို့သော် လူအများ မှတ်မှတ်ထင်ထင် ဖြစ်နေတဲ့သတင်းတွေ၊ ဟိုးလေးတကျော်ဖြစ်သွားတဲ့သတင်းတွေကိုသာ    အဓိကကောက်နုတ်ကာ ယခုကဲ့သို့ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထက်မြက်