စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၉)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၉)

အမှတ်စဉ်(၂၉)

    ဖော်ပြခဲ့တဲ့  တည်ဆောက်ပြီး၊  တည်ဆောက်ဆဲ(မဂ္ဂါဝပ် ၂၀၀၀ တပ်ဆင်အင်အားနှင့်အထက်)များကို လေ့လာရာတွင် အာရှမှ တရုတ်နှင့် အိန္ဒိယ၊ ဥရောပမှ ရုရှား၊ အမေရိကမှ ကနေဒါ၊ အမေရိကန်၊ ဘရာဇီး၊ ဗင်နီဇွဲလားနိုင်ငံများဟာ ရေအားလျှပ်စစ်အကြီးစား စက်ရုံကြီးများကို ဦးစားပေး တည်ဆောက်ပြီး   ဓာတ်အား အလုံအလောက်ရရှိအောင် ကြိုးပမ်းနေကြကြောင်း တွေ့ရပါမယ်။ ရှေ့ပိုင်းမှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း ကမ္ဘာ့ရေအား လျှပ်စစ်အများဆုံး ထုတ်လုပ်နေသူများဟာလည်း တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ ရုရှား၊ အိန္ဒိယတို့ ဖြစ်နေတာကိုလည်း တွေ့ကြရပါမယ်။ ကမ္ဘာပေါ်မှာ ရေအား လျှပ်စစ်တမံတွေ ပြန်ဖျက်နေပြီ၊ ဘယ်နိုင်ငံမှ တမံတွေမလုပ်တော့ဘူးလို့ သတင်းအလွဲတွေ လွှင့်နေသူများ အတွက်လည်း ဗဟုသုတရစေဖို့ပါ။ ကမ္ဘာ့ရေအားအရင်းအမြစ် အကြွယ်ဝဆုံး တန်းစီဇယားကိုလည်း ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်ရာ ကမ္ဘာ့နံပါတ် (၁၄) အဆင့်တွင် မြန်မာရပ်တည်နေပြီး မိမိတို့တစ်နိုင်ငံလုံးမှာ ရေအားလျှပ်စစ် စက်ရုံပေါင်း ၂၇ ရုံ ပေါင်းပါမှ တပ်ဆင်အင်အား မဂ္ဂါဝပ် ၃၂၂၁ သာ ရှိနေသေးတာကို သုံးသပ်ဖို့တော့လိုနေပါပြီ။ တစ်ချိန်က ကိုယ့်ထက်အခြေအနေ ဆိုးပါတယ်ဆိုတဲ့ အာဖရိကက အီသီယိုးပီးယားနဲ့ နှိုင်းကြည့်ကြရအောင်ပါ။

အီသီယိုးပီးယားနှင့် နိုင်းမြစ်ရေအားလျှပ်စစ်များ

    အီသီယိုးပီးယားကို Federal Democratic Republic of Ethiopia  လို့ ခေါ်ပါတယ်။ အာဖရိကတိုက်ရဲ့ အရှေ့မြောက်ပိုင်းမှာရှိပြီး ကုန်းတွင်းပိတ် (Land Locked) နိုင်ငံပါ။ အကျယ်အဝန်းက စတုရန်းမိုင် ၄၂၀၀၀၀ ရှိပါတယ်။ မြန်မာထက် တစ်ဆခွဲလောက် ကျယ်ပါတယ်။ လူဦးရေကတော့ အာဖရိကတိုက်မှာ  ဒုတိယအများဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်စာရင်းအရ ၁၀၂ ဒသမ ၄ သန်း ရှိပါတယ်။

၁၈၈၉ ခုနှစ်မှာ အီတလီကိုလိုနီဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်နဲ့ ၁၈၉၂ ခုနှစ်ကြား လေးနှစ်ကာလမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့တဲ့နိုင်ငံ၊ ဆိုးရွားလှတဲ့ အငတ်ဘေးကြီး တစ်ခုကြုံခဲ့တဲ့နိုင်ငံပါ။ ၁၉၇၅ ခုနှစ် မတ်လမှာ တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ များလွန်းလာလို့ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ အုပ်ချုပ်ပြီး ကွန်မြူနစ် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့တယ်။

၁၉၈၃ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်ကြားမှာ လူဦးရေ တစ်သိန်းလောက်သေတဲ့ အငတ်ဘေးကြီး ထပ်မံကြုံရပြန်ပါတယ်။  ၁၉၉၀  ပြည့်နှစ်ဝန်းကျင် အရှေ့ဥရောပနိုင်ငံများနဲ့ ဆိုဗီယက်ယူနီယံတို့ မပြိုကွဲမီထိ ၎င်းတို့ရဲ့ အထောက်အပံ့တွေရနေခဲ့တယ်။

၁၉၉၈ ခုနှစ်မှာ  ခွဲထွက်သွားခဲ့တဲ့ အရှေ့မြောက်ဘက်က အီရီတြီးယား (Eritrea)နိုင်ငံနဲ့  စစ်ဖြစ်တာဟာ နှစ်နှစ်ခန့်ကြာခဲ့တယ်။ စစ်စရိတ်ထောင်းပြီး ပိုပြီးဆင်းရဲခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာလည်း အကြီးအကျယ် မိုးခေါင်ပြန်တယ်။ အာဖရိက အရှေ့ပိုင်းနိုင်ငံတွေမှာ နှစ် ၆၀ ခန့်အတွင်း အကြီးမားဆုံး မိုးခေါင်မှုပါပဲ။ ဒီလိုမိုးခေါင်မှုတွေ အာဖရိကမှာ ခံစားနေရတဲ့အတွက် ကမ္ဘာ့အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ရေအားလျှပ်စစ်ကိုတွဲပြီး ဆောင်ရွက်မယ့် ဆည်၊ တမံတွေကို စီမံချက် ရေးဆွဲပေးပါတယ်။ အကူအညီတွေပေးဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ “No Dam”သမားတွေရဲ့သွေးထိုးမှုကြောင့်ရယ် လူမျိုးစုကွဲတွေကြား ပြဿနာတွေများ နေတာကြောင့်ရယ် ထိရောက်အောင် ဘာမှမလုပ်နိုင်ခဲ့ရာကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့တယ်။ ၂၀၁၇  ခုနှစ်ထိ တိုင်းပြည်ဟာ ငြိမ်သက်မှု မရှိသေးပါဘူး။ ဆန္ဒပြပွဲတွေဖြစ်လို့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေရတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နိုင်ငံကို အရေးပေါ်အခြေအနေ  ၆ လ ကြေညာခဲ့ရပြန်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်ရာကနေ  နိုင်ငံဖွံ့ဖြိုးမှုပါ  အကြီးအကျယ် ထိခိုက်နေတဲ့ နိုင်ငံပါ။

ဒါပေမဲ့ ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့တွေဟာ အီသီယိုးပီးယားရဲ့ ဆင်းရဲနွမ်းပါးမှု ၂၉ ဒသမ ၆ ရာခိုင်နှုန်း (၂၀၁၄ ခုနှစ်)ကို လျှော့ချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အီသီယိုးပီးယားဟာ နေ့စဉ် ရေနံစည် ၅၀၀၀၀ ကျော် ဝယ်ယူတင်သွင်းနေရတဲ့ နိုင်ငံဖြစ်ပါတယ်။  ဒါပေမဲ့  အတည်ပြုထားတဲ့ ရေနံသိုက်ဟာ ၄၃၀၀၀ billion barrel (၂၀၁၅ ခုနှစ်)ရှိပြီး ဓာတ်ငွေ့သိုက်ဟာ ၂၄ ဒသမ ၉၂ billion cubic metre (၂၀၁၄ ခုနှစ်) ရှိတယ်လို့ ဆိုပါတယ်။ ယခုအခါ နိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို အားပြုဖို့စီစဉ်နေပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ  ၂၀၁၇  ခုနှစ်ထိ ရှိပြီး လျှပ်စစ်တပ်ဆင် အင်အားဟာ စုစုပေါင်း ၄၃၀၀ မဂ္ဂါဝပ်ဖြစ်နေပါပြီ။ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ၁၇၀၀၀ မဂ္ဂါဝပ်ထိ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထဲမှာ ရေအားက ၁၀၈၀၀ မဂ္ဂါဝပ်လောက် ပါနေပါတယ်။ အဓိကလုပ်နေတာတွေကလည်း နိုင်းမြစ် (Nile River)ရဲ့ လက်တက်ဖြစ်တဲ့ Blue River ပေါ်မှာ အဓိကထားပြီး ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်နေတာပါ။ အကြီးဆုံးစက်ရုံ စီမံကိန်းဖြစ်တဲ့ Great Millennium Project  ဆိုလျှင် မဂ္ဂါဝပ် ၅၂၈၀ တောင် ရှိပါတယ်။ ဒီထဲက ၂၀၁၅ ခုနှစ်မှာ ၇၀၀ မဂ္ဂါဝပ် အင်အားရှိတဲ့ စက်ရုံလည်ပတ်ခဲ့ပါပြီ။ နိုင်းမြစ် (Nile River) ဆိုတာ ရေခွဲဝေသုံးစွဲရေးအတွက် ကမ္ဘာပေါ်မှာ အလွန်တန်ဖိုးထားနေရတဲ့ အာဖရိကရဲ့ အကြီးဆုံးမိခင်မြစ်ပါ။ အလျား ၆၈၅၃ ကီလိုမီတာ (၄၂၅၈ မိုင်ခန့်) ရှည်လျားပါတယ်။ အကျယ်ဆုံးနေရာတွေဆိုရင် ၂ မိုင်ခန့်ထိ ကျယ်ပါတယ်။ နိုင်းမြစ်ထဲကို စီးဝင်နေတာက Blue Nile နဲ့ White Nile  ဆိုပြီး မြစ်ကြီးနှစ်ခု ပေါင်းဝင်စီးလာတာပါ။

Blue Nileဟာ အီသီယိုးပီးယား (Ethiopia) နိုင်ငံအလယ်ပိုင်းက တာနာရေအိုင် (Lake Tana) ကနေစပြီး မြစ်ဖျားခံလာတာပါ။ Blue Nile  ရဲ့ အလျားဟာ ၁၄၅၀ ကီလိုမီတာ (၉၀၀ မိုင်) ရှိပါတယ်။ White Nile  ကတော့ ၃၇၀၀ ကီလိုမီတာ (၂၂၉၈ မိုင်) ရှည်ပါတယ်။ White Nile ဟာ ယူဂန်ဒါနိုင်ငံမှာ စတင်မြစ်ဖျားခံပြီး ဆူဒန်နိုင်ငံထဲမှာ Blue Nile နဲ့ ပေါင်းပြီး ဆူဒန်ထဲကတစ်ဆင့် အီဂျစ်နိုင်ငံကိုဖြတ်ပြီး Nile မြစ်အဖြစ် မြေထဲပင်လယ်ထဲကို စီးဝင်သွားပါတယ်။ Nile မြစ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီး တောင်ဘက်ကနေ မြောက်ဘက်ကို စီးနေတဲ့မြစ်လည်းဖြစ်ပါတယ်။ Nile ရဲ့ ရေဝေရေလဲဧရိယာဟာ ကျယ်ပြန့်လွန်းတော့ အာဖရိက ၁၁ နိုင်ငံနဲ့ ပတ်သက်နေတဲ့ မြစ်ဖြစ်နေပါတယ်။ ဒီနိုင်ငံတွေကတော့ တန်ဇန်နီးယား၊ ယူဂန်ဒါ၊ ရဝမ်ဒါ၊ ဘရွန်ဒီ၊ ကွန်ဂို၊ ကင်ညာ၊ အီသီယိုးပီးယား၊ အီရီတြီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ အီဂျစ်စတဲ့ နိုင်ငံတွေပါပဲ။ White နဲ့ Blue မြစ်နှစ်ခုကတော့ Nile  မြစ်ရဲ့ အကြီးဆုံး လက်တက်နှစ်စင်းဖြစ်နေပါတယ်။ အဲဒီလက်တက်မြစ်တွေရဲ့အရွယ်ဟာ ဧရာဝတီမြစ်လောက် ရှိနေပါတယ်။ အခု ဒီ Blue River ပေါ်မှာပဲ မဂ္ဂါဝပ်ထောင်ချီတဲ့   ရေအားလျှပ်စစ်စက်ရုံတွေ ရှိနေပါပြီ။  အချို့စီမံကိန်းများကိုလည်း ဆက်လုပ်နေပါပြီ။

ဆက်လက်ဖော်ပြပါမည်။