စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ် (၃၀)

မော်သာထွေး(မန္တလေး)

အီသီယိုးပီးယားရဲ့ရည်ရွယ်ချက်ဟာ သူ့နိုင်ငံမှာရှိတဲ့ ရေအားအရင်းအမြစ် (မြန်မာနိုင်ငံနှင့်ပမာဏတူ)တွေကိုအကျိုးအရှိဆုံးသုံးပြီး ဓာတ်အားထုတ်မယ်။ အိမ်နီးချင်း ဆူဒန်ကိုပါ ဓာတ်အားမျှဝေပေးမယ်။ ဒါအတွက် အီဂျစ်၊ ဆူဒန်၊  အီသီယိုးပီးယားတို့ဟာ ၂၀၁၅ ခုနှစ်၊  ဒီဇင်ဘာလမှာ နားလည်မှုစာချွန်လွှာထိုးပြီး ရေအသုံးချမှု၊ လျှပ်စစ်ဓာတ်အားခွဲဝေသုံးစွဲမှာတွေကို စနစ်တကျလုပ်ခဲ့ပြီးကြပါပြီ။   အီသီယိုးပီးယားဟာ ကမ္ဘာက စိတ်ဝင်စားလောက်အောင် ဆင်းရဲခဲ့သလို အခုလည်းကမ္ဘာက စိတ်ဝင်စားလောက်အောင် စီးပွားရေး တိုးတက်မှုမြင့်လာနေတယ်။ အခြေခံအဆောက်အဦတွေလည်း  တိုးတက်လာနေတယ်။ အဆင့်မြင့်လမ်း၊ ရထား၊ လေယာဉ်တွေပါ များပြားလာပါတယ်။ နှစ်စဉ် လူတစ်ဦးချင်း ဝင်ငွေဟာလည်း ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်မယ်လို့  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။

ရာသီဥတုဒဏ်ကို အလူးအလဲခံရတဲ့နိုင်ငံ၊ စားစရာမရှိလို့ လူသန်းချီသေဆုံးခဲ့ရတဲ့နိုင်ငံ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပြီး အရေးပေါ်အခြေအနေကိုတောင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကြေညာနေရတဲ့နိုင်ငံဟာ မကြာမီ ၂၀၂၅ ခုနှစ်အတွင်း လာအိုနိုင်ငံလို လျှပ်စစ်ဓာတ်အားကို ပြည်ပရောင်းပြီး ဝင်ငွေကောင်းလာပါတော့မယ်။ ကမ္ဘာ့အကူအညီများနဲ့ သူ့ပြည်သူတွေရဲ့ကြိုးပမ်းမှုနဲ့ မကြာမီ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံဘဝက လွတ်ပါတော့မယ်။

၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး ဓာတ်အားဖြန့်ဖြူးမှု ၉၅၀၀ ကီလိုဝပ်နာရီသန်းပေါင်းရှိတဲ့ ဘဝကနေ ၂၀၁၇ ခုနှစ်မှာ ကီလိုဝပ် နာရီသန်းပေါင်း ၁၂၀၀၀ ထိ သုံးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းတိုးတက်လာနေပါတယ်။ ဒီနှုန်းဟာ ဆက်လက်ရှိနေမှာဖြစ်လို့  ၂၀၃၀ ပြည့်နှစ်မှာ အီသီယိုးပီးယားတစ်နိုင်ငံလုံး လျှပ်စစ်ထိန်ထိန်ညီးပါတော့မယ်၊ ရာနှုန်းပြည့်ဓာတ်အား သုံးစွဲကြရတော့မယ်ဆိုတာ မြေကြီး လက်ခတ်မလွဲတော့ပါဘူး။ ဒါပေမဲ့ အဲ့လိုထိန်ထိန်ညီးဖို့   LNG  ဝယ်ယူတင်သွင်းမောင်းနှင်မှာမဟုတ်ဘဲ၊ ရေအားလျှပ်စစ်ကို သာဇောက်ချလုပ်ပြီး ထိန်ထိန်ညီးမှာဖြစ်လို့ သူ့ပြည်သူတွေအတွက် ဈေးနှုန်းသက်သာပြီး နိုင်ငံခြားငွေပါရတော့မယ့် လျှပ်စစ် စီမံခန့်ခွဲမှုဆိုတာကိုတော့ ပညာယူကြရမှာပါ။

အီဂျစ်နှင့် နိုင်းမြစ်ရေအားလျှပ်စစ်

အီဂျစ်နိုင်ငံ နိုင်းမြစ်ပေါ်မှာ အစွမ်(Aswan)လို့အမည်ရတဲ့ တမံတစ်ခု တည်ဆောက်ထားပါတယ်။ ဖို့မြေတမံ (Embankment Dam) အမျိုးအစားပါ။ ၁၉၇၀ ပြည့်နှစ်မှာ ပြီးစီးခဲ့တာပါ။ အမြင့် ၃၆၄ ပေရှိပြီး အလျား ပေ ၁၂၅၇၀ ရှည်ပါတယ်။ လှောင်နိုင်တဲ့ ရေပမာဏဟာ ဧကပေ သိန်းပေါင်း ၁၇၀၀ ရှိတဲ့အတွက် လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ လှောင်ရေပမာဏ အများဆုံးဆိုတဲ့ သဖန်းဆိပ် ရေလှောင်တမံ(ဧကပေ၂၈ သိန်း)ထက် အဆပေါင်း ၆၀ ခန့် ပိုပြီးကြီးမားတဲ့ ရေထုကိုလှောင်ထားတာပါ။ ရေလွှမ်း ဧရိယာဟာလည်း စတုရန်းမိုင် ၂၀၃၀ တောင်ရှိပါတယ်။ အကျယ်အဝန်း ၂၇၈ စတုရန်းမိုင်သာရှိတဲ့ စင်ကာပူနိုင်ငံမျိုး ၇ နိုင်ငံစာကျော်ကျယ်ဝန်းတဲ့ ရေဝပ်ဧရိယာအကျယ်အဝန်းပမာဏပါ။ ၁၇၅ မဂ္ဂါဝပ်ဓာတ်အားပေးစက် ၁၂ လုံးတပ်ဆင်ထားတဲ့အတွက် တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၁၀၀ ရှိပါတယ်။ နှစ်စဉ် ထုတ်လုပ်ပေးနေတဲ့ ဓာတ်အားပမာဏက ၁၀၀၄၂ ကီလိုဝပ်နာရီသန်းပေါင်း (GWh) ဖြစ်တဲ့အတွက်   မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်မှာ တစ်နိုင်ငံလုံးသုံးခဲ့တဲ့ ဓာတ်အားအသုံးပမာဏ ကီလိုဝပ် နာရီသန်းပေါင်း ၁၅၈၀၀ ရဲ့ သုံးပုံနှစ်ပုံထိ နှစ်စဉ်ထုတ်လုပ်ပေးနိုင်တဲ့ သဘောပါ။ အခုနိုင်းမြစ် (Nile River)ရဲ့ အထက်ပိုင်းမှာ အီသီယိုးပီးယားဟာ အစွမ်စက်ရုံထက်ကြီးမားတဲ့ တပ်ဆင်အင်အားနှင့် ဘက်စုံသုံးတမံကို ဆောက်လုပ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး အာဖရိကရဲ့ မိခင်မြစ်ကြီးမှာလည်း ကြီးမားတဲ့တမံတွေတည်ဆောက်ပြီး သူ့ပြည်သူရဲ့ စိုက်ပျိုးရေးနဲ့လျှပ်စစ် ဘက်စုံသုံးနိုင်အောင် ဆောင်ရွက်နေ ကြတယ်ဆိုတာ တွေ့ရပါတယ်။

ဘရာဇီး၊ ကိုလံဘီယာ၊ ပါရာဂွေးနဲ့ အမေဇုန်ရေအားလျှပ်စစ်

ကမ္ဘာ့အရှည်ဆုံးနဲ့ ရေထုပမာဏအကြီးဆုံးမြစ်ကတော့ အမေဇုန်မြစ် (Amazon River) ဖြစ်ပါတယ်။ ဘရာဇီး၊ ကိုလံဘီယာနှင့် ပါရာဂွေး သုံးနိုင်ငံနဲ့ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ အကြီးဆုံး မြစ်ကြီးပါ။ ဒီမြစ်ကြီးရဲ့ အကြီးဆုံးလက်တက်တွေမှာပါ ရေအသုံးချမှု တမံပေါင်း ၄၂၈ ခု တည်ဆောက်ပြီးသားဖြစ်ပါတယ်။ ၁၅၁ ခုဟာ  အမေဇုန်မြစ်ရဲ့ အဓိကမြစ်လက်တက်ကြီး ၆ ခုပေါ်မှာ  တည်ဆောက်ထားပါတယ်။ နောက်ထပ်လည်း တမံပေါင်း ၁၄၀ လောက် ဆက်လက်တည်ဆောက်ဆဲဖြစ်ပါတယ်။  ဒါ့ကြောင့်လည်း  ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ  ရေအားလျှပ်စစ် အကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့အကြီးမားဆုံး နိုင်ငံတကာမြစ်ကြီးနှစ်ခုဖြစ်တဲ့ အမေဇုန်နဲ့ နိုင်းမြစ်နှစ်ခုစလုံးပေါ်မှာ ကြီးမားတဲ့ရေအားလျှပ်စစ်တမံနဲ့ စက်ရုံကြီးတွေ တည်ဆောက် ထားပြီး တည်ဆောက်ဆဲဖြစ်နေတယ်ဆိုတာ ဖော်ပြတာပါ။

ဒီအမေဇုန်(Amazon River) ရေဝေ၊ ရေလဲဧရိယာမှာ ပါဝင်နေတဲ့ ၈ နိုင်ငံထဲက ဘရာဇီး၊ ကိုလံဘီယာ၊ ပါရာဂွေး သုံးနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုကိုလည်း အကျဉ်းဖော်ပြပါဦးမယ်။

အမေဇုန်မြစ်ဝှမ်းဒေသရေအားလျှပ်စစ်တမံများ

အမေဇုန်မြစ်ရဲ့ အဓိကလက်တက်တစ်ခုဖြစ်တဲ့ ဘရာဇီးနယ်မြေထဲက ဇင်ဂူမြစ်(Xingu River)ဟာ မိုင်ထောင်ချီ ရှည်ပါ တယ်။ ဒီမြစ်ပေါ်မှာပဲ ကမ္ဘာ့စတုတ္ထအကြီးဆုံးဖြစ်တဲ့ Belo Monte တမံကို ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ လူဦးရေ ၂၀၀၀၀ ခန့်ပြောင်းရွှေ့ နေရာချထားခဲ့ရပါတယ်။ တပ်ဆင်အင်အား ၁၁၂၃၃ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ကီလိုဝပ်နာရီသန်းပေါင်း ၃၉၅၀၀ ထုတ်လုပ် ပေးနိုင်ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံးထုတ်လုပ်ခဲ့တဲ့ ၁၉၉၀၀ ကီလိုဝပ် နာရီသန်းပေါင်းထက် နှစ်ဆထုတ်ပေး နိုင်တဲ့စက်ရုံပါပဲ။

ဘရာဇီးဟာ ကမ္ဘာပေါ်မှာ တတိယရေအားလျှပ်စစ် တပ်ဆင်အင်အား အများဆုံးနိုင်ငံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် စာရင်းအရ ၉၄၅၀၀ မဂ္ဂါဝပ် တပ်ဆင်ထားလို့ မြန်မာ့ရေအားလျှပ်စစ် တပ်ဆင်အင်အားထက် အဆ ၃၀ ကျော် များပြားပါတယ်။ နှစ်စဉ်ထုတ်လုပ် ပေးနေတဲ့ ဓာတ်အားပမာဏဟာလည်း ကမ္ဘာမှာတတိယအများဆုံးဖြစ်ပြီး ရေအားလျှပ်စစ် သက်သက်မှ ၃၈၂၀၀၀ ကီလိုဝပ် နာရီသန်းပေါင်းထိ ပမာဏကြီးမားစွာ ထုတ်လုပ်ပေးနေပါတယ်။ ဘရာဇီးလူဦးရေဟာ ၂၀၁၆ ခုနှစ်မှာ ၂၀၇ ဒသမ ၇ သန်းရှိပါတယ်။ ရေအားလျှပ်စစ်ကရတဲ့ ဓာတ်အားသက်သက်ကတောင် သူ့ပြည်သူတစ်ယောက်အတွက် တစ်နှစ်လျှပ်စစ်ဓာတ်အား ၁၈၃၉ ကီလိုဝပ် နာရီ (ယူနစ်)အသုံးပြုနိုင်အောင် ကြိုးစားထားပါတယ်။

ကိုလံဘီယာကို ကြည့်ရအောင်ပါ။ ကိုလံဘီယာရဲ့ ရေအားအရင်းအမြစ်နဲ့ပဲ ဓာတ်အားပေးနေတဲ့ပမာဏဟာ ၂၀၁၅ ခုနှစ် IHA (International Hydropower Association) အစီရင်ခံစာအရ ၄၄၀၀၀ ကီလိုဝပ် နာရီသန်းပေါင်း ရှိပါတယ်။ သူ့လူဦးရေဟာ ၄၉ ဒသမ ၅ သန်းသာရှိတဲ့အတွက် ရေအားလျှပ်စစ်သက်သက်မှ လူတစ်ဦးတစ်နှစ်သုံးစွဲနေတဲ့ ဓာတ်အား ပမာဏဟာ ၈၈၉ ကီလိုဝပ် နာရီ (ယူနစ်) ဖြစ်တဲ့အတွက် ကြီးမားတဲ့ပမာဏလို့ ဆိုရမှာပါပဲ။

ဆက်လက်ဖော်ပြပါမည်။