ဂူးဂဲကုမ္ပဏီက အလုပ်အကိုင်နေရာ ၁၂၀၀၀ ခန့်ကိုလျှော့ချမည်

နယူးယောက်၊ အလုပ်အကိုင်

ဂူးဂဲကုမ္ပဏီက အလုပ်အကိုင်နေရာ ၁၂၀၀၀ ခန့်ကိုလျှော့ချမည်

နည်းပညာကုမ္ပဏီဖြစ်သော ဂူးဂဲအနေဖြင့် ကမ္ဘာတစ်ဝန်းရှိအလုပ်အကိုင်နေရာ ၁၂၀၀၀ ခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်း၏ ပင်မကုမ္ပဏီဖြစ်သည့် အယ်ဖာဘတ်က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မိုက်ခရိုဆော့က လာမည့်လများအတွင်း ဝန်ထမ်းအင်အား ၁၀၀၀၀ ခန့်ကို လျှော့ချသွား မည်ဖြစ်ကြောင်း ကြေညာပြီးနောက် ဂူးဂဲကုမ္ပဏီကလည်း ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ အလားတူ  အခြားသော နည်းပညာ ကုမ္ပဏီကြီးများဖြစ်သည့် ဖေ့စဘွတ်၏ ပင်မကုမ္ပဏီ မတ်တာ၊ အမေဇုန်နှင့် တွစ်တာတို့က ယခုနှစ်တွင် စီးပွားရေး ကျဆင်းနိုင်မည့် အခြေအနေများအတွက် ကြိုတင်ဆောင်ရွက်မှုအဖြစ်   ဝန်ထမ်းအင်အားများကို လျှော့ချမည်ဟု ကြေညာထားပြီး ဖြစ်သည်။

အယ်ဖာဘတ်ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၁၈၇၀၀၀ နီးပါးကို ခန့်အပ်ထား သောကြောင့် ယခုအလုပ်အကိုင် နေရာလျှော့ချမှုသည် အဆိုပါ ဝန်ထမ်းအင်အား၏ ၆ ရာခိုင်နှုန်းမျှသာရှိသည်။

ယခုကဲ့သို့ အလုပ်အကိုင်နေရာလျှော့ချမှုသည် ကုမ္ပဏီ၏ ဦးစားပေးလုပ်ငန်းအသစ်များဖြစ်သည့် လူတူအသိဉာဏ် အပေါ်ပိုမိုရင်းနှီး မြှုပ်နှံမှုလုပ်ဆောင်ရန်လို အပ်ချက်ကို ထင်ရှားပြတ်သားစွာ သိမြင်နိုင်စေမည်ဖြစ်ကြောင်း အယ်ဖာဘတ်ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဆန်းဒါးပီချေးကပြောသည်။

အလုပ်အကိုင် နေရာလျှော့ချမှုတွင် ပါသွားသည့် အမေရိကန်နိုင်ငံရှိ အလုပ်သမားများအနေဖြင့် အနည်းဆုံး လစာ ၄ လစာ၊ ၂၀၂၂ ခုနှစ်အတွက် အပိုဆုကြေးငွေ၊ လစာအပြည့်ရအားလပ်ရက်နှင့် ၆ လစာ ကျန်းမာရေး စောင့်ရှောက်မှုတို့ရရှိမည်ဖြစ်ကြောင်း ဆန်းဒါး ပီချေးကဆက်ပြောသည်။

ဂူးဂဲကုမ္ပဏီသည် သိလိုတာမှန်သမျှကို ရှာဖွေပေးနိုင်စွမ်းရှိသော အကြောင်းအရာရှာဖွေရေးလုပ်ငန်းဖြင့် ကမ္ဘာတစ်ဝန်း လွှမ်းမိုးထား နိုင်သည့် ကုမ္ပဏီဖြစ်သော်လည်း မကြာသေးမီကထွက်ပေါ်လာသော Chat GPT ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

Chat GPT ဆိုသည်မှာ မိုက်ခရိုဆော့ကုမ္ပဏီ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ထွက်ပေါ်လာသည့် ဆော့ဝဲတစ်မျိုးဖြစ်ပြီး သိရှိလိုသည့် အကြောင်းအရာများကို လူသားတစ်ဦးကဲ့သို့ စက္ကန့်ပိုင်းအတွင်း ရေးသားဖော်ပြနိုင်စွမ်းရှိသည်။

မိုက်ခရိုဆော့အနေဖြင့် ဂူးဂဲနှင့်ပြိုင်ဘက်ဖြစ်သောဘင်းကို လူသုံးများလာစေရန် Chat GPT ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောထားသည်။

Ref: Bangkok Post