တရုတ်ခရီးသွားများဝင်ရောက်မှု များပြားလာသည့်အတွက် ထိုင်းဆင်စခန်းများက ဆင်ကောင်ရေတိုးမြှင့်ထည့်သွင်း

ဖူးခက်၊ ခရီးသွားလုပ်ငန်း

တရုတ်ခရီးသွားများဝင်ရောက်မှု များပြားလာသည့်အတွက် ထိုင်းဆင်စခန်းများက ဆင်ကောင်ရေတိုးမြှင့်ထည့်သွင်း

ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်မှုပြန်လည် များပြားလာသည့်အတွက် ဆင်စခန်းအချို့ကဆင်ကောင်ရေကို တိုးမြှင့် ထည့်သွင်း လာရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ ဆင်စခန်းတစ်ခုဖြစ်သော ပန်ချန်းကမလာဆင်စခန်းသည် ဆင်စီးခြင်းမှစ၍ ဆင်များကို ရေချိုးပေးခြင်း အထိပါဝင်သည့် လုပ်ဆောင်မှုများကို ဧည့်သည်များအား ပြသနိုင်ရေးအတွက် နောက်ထပ်ဆင် ၆ ကောင်ကို ဝယ်ယူထားကြောင်း ဆင်စခန်းပိုင်ရှင်က ပြောသည်။

အထူးသဖြင့် တရုတ်နှစ်သစ်ကူးကာလအပြီးတွင် တရုတ်ခရီးသွားများထံမှ နေရာကြိုတင်ဦးမှုများစွာကို လက်ခံရရှိထားသည့်အတွက် ယခုကဲ့သို့ဆင်များကို ဝယ်ယူရခြင်းဖြစ်ကြောင်း ဆင်စခန်းပိုင်ရှင် ဝစ်တယာ တာဝီယာက ပြောသည်။

ယခင်က ဆင်အကောင်ရေ ၁၉ ကောင်သာရှိသည့်အတွက် တစ်ရက်လျှင်ခရီးသွား အယောက်၂၀၀ ကိုသာ လက်ခံနိုင်သော်လည်း  ယခုအခါဆင် ၂၅ ကောင်ရှိလာပြီဖြစ်သည့်အတွက် တစ်ရက်လျှင် ခရီးသွားအယောက် ၃၀၀ အထိကို လက်ခံနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ထိုင်းအစိုးရက ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ အချိန်တိုအတွင်း အရှိန်အဟုန်နှင့်တိုးတက်လာကာ ယခုနှစ်အတွင်း တရုတ်ခရီးသွား ၅ သန်းအပါအဝင် ပြည်ပ ခရီးသွားဧည့်သည်စုစုပေါင်း ၂၅ သန်းအထိဝင်ရောက်လာမည်ဟု အစိုးရက မျှော်မှန်းထားကြောင်း သိရသည်။

Ref: CAN