ဗြိတိန်တပ်မတော်၌ စစ်မှုထမ်းခြင်းမှနုတ်ထွက်သူအရေအတွက်များပြားနေ

ဗြိတိန်တပ်မတော်၌ စစ်မှုထမ်းခြင်းမှနုတ်ထွက်သူအရေအတွက်များပြားနေ

ဗြိတိန်တပ်မတော်၌ စစ်မှုထမ်းခြင်းမှ နုတ်ထွက်သူအရေအတွက် များပြားနေကြောင်းနှင့် ပြီးခဲ့သည့်နှစ်အတွင်း နုတ်ထွက်သူအင်အား  ၁၆၀၀၀  ကျော်ရှိကြောင်း ဗြိတိန်သတင်းစာတစ်စောင်က ဖော်ပြထားသည်။

အဆိုပါပမာဏသည် ခြောက်နှစ်အတွင်း စစ်အင်အားပြုန်းတီးမှု အများဆုံးဖြစ်ကြောင်းနှင့် ယခုအခါ ဗြိတိန်တပ်မတော်အနေဖြင့် စစ်သည်အင်အား ၄၀၀၀ ခန့်လိုအပ်နေကြောင်း  The Mirror သတင်းစာက ဇန်နဝါရီ ၂၁ ရက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ထို့ပြင် တပ်သားသစ်စုဆောင်းရရှိမှုတွင်မူ ပြီးခဲ့သည့်နှစ်တွင် တပ်သားသစ် ၁၂၀၀၀ ခန့်သာ  စုဆောင်းရရှိခဲ့သည့် အတွက် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တပ်သားသစ်အင်အား အယောက် ၅၀၀၀ ခန့်ကျဆင်းသွားကြောင်း  သတင်းစာက ရေးသားထားသည်။

ယခုကဲ့သို့ စစ်မှုထမ်းခြင်းမှနုတ်ထွက်သူအရေအတွက်များပြားနေခြင်းမှာ စစ်သည်များ၏လစာနည်းပါးခြင်း၊ ဆင်းရဲချို့တဲ့စွာ နေရခြင်း အစရှိသည့်အခြေအနေများကြောင့်ဖြစ်ကြောင်း   သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ဗြိတိန်တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရရှိမှုကျဆင်းစေမည့် အခြေအနေများကို ပြင်ဆင်ရန် မကြိုးစားဘဲ တပ်သားသစ်စုဆောင်းရရှိရေးအတွက်သာ ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံနေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးဖိလစ်အင်ဂရမ်ကပြောသည်။

အလားတူ ဗြိတိန်တပ်မတော်၏ ကြည်းတပ်အရန်အင်အားတွင်လည်း အင်အားနည်းနေကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အရန်အင်အားစုသို့ဝင်ရောက်သူ ၃၇၂၀ သာရှိသော်လည်း  နုတ်ထွက်သွားသူ  ၆၀၀၀ နီးပါးရှိကြောင်းနှင့်  လက်ရှိအင်အားမှာ သတ်မှတ်ချက်ထက် အယောက် ၅၀၀၀ လျော့နည်းကာ အင်အား ၂၅၀၀၀ သာ ရှိကြောင်း The Mirror သတင်းစာက ဖော်ပြထားသည်ဟု သိရသည်။

Ref: Sputnik