စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ် (၃၁)

ပါရာဂွေးနိုင်ငံကို လေ့လာပြန်ရင်လည်း ပါရာဂွေးနိုင်ငံဟာ ရေအားလျှပ်စစ်ကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းသုံးတဲ့နိုင်ငံပါ။ နိုင်ငံကထွက်တဲ့ ဓာတ်အား ၈၅ ရာခိုင်နှုန်းကိုလည်း အိမ်နီးချင်းနိုင်ငံတွေကို ရောင်းထားတာပါ။ ပါရာဂွေးနယ်စပ်မှာ Itaipu ရေအားလျှပ်စစ် (၁၄၀၀၀ မဂ္ဂါဝပ်) တည်ဆောက်ထားပြီး နှစ်နိုင်ငံတစ်ဝက်စီပိုင်ပါတယ်။ ပါရာဂွေးဟာ ဓာတ်အားပိုနေတာကြောင့် ဘရာဇီးကို ရောင်းလိုက် ပါတယ်။

Itaipu တမံဟာ ကွန်ကရစ်တမံ (Concrete Gravity Dam) အမျိုးအစားဖြစ်ပြီး ပေ ၃၀၀၀ (တစ်ကီလိုမီတာခန့်) ရှည်ပါတယ်။ အမြင့်ဟာ ၆၄၃ ပေ (၁၉၆ မီတာ) မြင့်ပါတယ်။ ရဲရွာတမံ ၄၃၃ ပေ ထက် တစ်ဆခွဲခန့်ပိုမြင့်တဲ့တမံပါ။ တာဘိုင်ကြီးတွေဟာ ကြီးမားလွန်းပြီး တစ်လုံးကို ၇၀၀ မဂ္ဂါဝပ်တပ်ဆင်အင်အားရှိတဲ့ စက်အလုံး ၂၀ တောင် တပ်ဆင်ထားပါတယ်။ ၁၉၈၄ ခုနှစ်မှာ ပထမဆုံး စက်စတင် လည်ပတ်ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ စက်အားလုံးလည်ပတ်နိုင်ပါတယ်။ နှစ်စဉ်ထုတ်လုပ်ပေးနေတဲ့ ဓာတ်အားဟာ ၁၀၃ ဒသမ ၁ TWh ရှိပါတယ်။ တရုတ်ရဲ့မြစ်ကျဉ်းသုံးသွယ်(Three Gorges)က ထုတ်ပေးနေတဲ့ပမာဏနဲ့ အတူတူလောက် နှစ်စဉ်ထုတ်လုပ် ပေးနိုင်ပါတယ်။ ပါရာဂွေးတစ်နိုင်ငံလုံးရဲ့ လိုအပ်ချက် ၇၅ ရာခိုင်နှုန်းနဲ့ ဘရာဇီးရဲ့ ဓာတ်အားလိုအပ်ချက် ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတဲ့ တမံကြီးပါပဲ။ ရေလှောင်ပမာဏ ကြီးမားပြီး  ရေလွှမ်းနေတဲ့အလျားဟာ  ပါရာနာ (Parana River) ထိမြစ်တစ်လျှောက် မိုင် ၁၀၀ ခန့် ထိ ရှိပါတယ်။ လူဦးရေ ငါးသိန်းလောက် ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါတယ်။ ဒီစီမံကိန်းကြီး လုပ်ဆောင်ဆဲကာလမှာ  လုပ်သား အင်အား  ၃၀၀၀၀  ခန့်ထိ အလုပ်အကိုင် အခွင့်အလမ်းများ  ရရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အခုဖော်ပြခဲ့တာတွေဟာ တောင်အမေရိက အမေဇုန်ရေအားလျှပ်စစ်စီမံကိန်းနဲ့ သက်ဆိုင်ရာနိုင်ငံများရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တဲ့အဆင့်များကို နှိုင်းယှဉ်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

မဟာမဲခေါင်မြစ်နဲ့ ရေအားလျှပ်စစ်များ

မဲခေါင်မြစ် (Mekong River)ဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှ စတင်မြစ်ဖျားခံလာပါတယ်။ တရုတ်မှာတော့ Lancang လို့ ခေါ်ပါတယ်။ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေနဲ့ ဆိုင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာမြစ် (International River) လည်း ဖြစ်ပါတယ်။ မဲခေါင်မြစ်ကိုမရေးမီ ကမ္ဘာမှာ ဘယ်မြစ်တွေဟာအရှည်ဆုံးလဲ၊ ဘယ်လောက်ရှည်လဲ ဆိုတာ အကျဉ်းချုပ်သဘော ဖော်ပြပေးပါမယ်။

ဖော်ပြပါမြစ်များထဲမှာ မဲခေါင်မြစ်ဟာ နံပါတ် (၁၂ )အရှည်လျားဆုံးမြစ်ဖြစ်ပြီး ကီလိုမီတာ ၄၃၅၀ (၂၇၁၅ မိုင်) ရှည်ပါတယ်။ နှစ်စဉ် ပျမ်းမျှရေထုစီးနှုန်းမှာ ၁၆၀၀၀ ကုဗမီတာ/စက္ကန့် (၅၇၀၀၀၀ ကုဗပေ/စက္ကန့်) ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်ဆက်စပ် နေတဲ့ အရှည်လျားဆုံးမြစ်လည်းဖြစ်လို့ သူ့ကို မဟာမဲခေါင်လို့တောင် ဒေသတွင်းမှာခေါ်ကြပါတယ်။ မြန်မာလိုခေါ်ရင် သူတို့အတွက် အမိမဲခေါင်ပေါ့။ ဒီအမိမဲခေါင် မဟာမဲခေါင်မြစ်ကြီးပေါ်မှာရော မြစ်လက်တက်တွေပေါ်မှာပါ  ရေအားလျှပ်စစ် တမံပေါင်းမြောက်မြား စွာ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန် လျာထားစုစုပေါင်းဟာ ရာဂဏန်းကျော် ခန့်ရှိနေပါတယ်။ ယခုဦးစွာ မဲခေါင်မြစ်ပေါ်မှာ ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ဖော်ပြပါမယ်။

တရုတ်နိုင်ငံ မဲခေါင်မြစ်ပေါ်မှ ရေအားလျှပ်စစ်များ

မဲခေါင်မြစ်ရဲ့ အစပထမစီးဆင်းလာရာ တရုတ်နိုင်ငံထဲမှာ တမံ ၁၁ ခု တည်ဆောက်ထားပြီးဖြစ်ပါတယ်။ နောက်ထပ်ကိုးခုကိုလည်း လျာထားပြီး ဖြစ်ပါတယ်။ မဲခေါင်မြစ်ကို တရုတ်ပြည်ထဲမှာ လန်ဂျန်းမြစ် (Lancang) လို့ခေါ်ကြတယ်။ လန်ဂျန်းမြစ်ပေါ်က စီမံကိန်းတွေကို Hydrolancang ကုမ္ပဏီက အဓိကဦးဆောင်ပြီး အကောင်အထည်ဖော်ပါတယ်။ အမည်အပြည့်အစုံကတော့   Yunan Huaneng Lancang River Hydropower Company ပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး ရေအားလျှပ်စစ် ကုမ္ပဏီပါ။

 

  မော်သာထွေး(မန္တလေး)