၂၀၂၃ ခုနှစ်မှာ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆက်ဆံရေးတိုးတက်စေမယ့် ဒီ ၇ ချက်ကိုကြိုးစားကြည့်လိုက်ပါ(၂)

၂၀၂၃ ခုနှစ်မှာ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆက်ဆံရေးတိုးတက်စေမယ့် ဒီ ချက်ကိုကြိုးစားကြည့်လိုက်ပါ()

အကျိုးများစေတဲ့ စကားစမြည်ပြောခြင်း

ဒီကနေ့အတွက် လုပ်ရမယ့်အလုပ်တစ်ခုကတော့ စိတ်အားတက်ကြွစေမယ့် အခိုက်အတန့်များကို ရှာဖွေဖန်တီးဖို့ပဲ ဖြစ်ပါတယ်။

ဥပမာ-ငွေရှင်းကောင်တာနားမှာတွေ့ရတဲ့ ကိုယ့်လိုပဲဈေးဝယ်သူများကို ဒီနေ့အဆင်ပြေရဲ့လား လို့မေးခြင်းမျိုး၊ ကိုယ်နဲ့ခင်မင်ရင်းနှီးခြင်းမရှိသော်လည်း ချစ်စဖွယ်ကောင်းတဲ့ကလေးပုံကို တင်ထားတဲ့ပို့(စ်)အောက်မှာ တစ်ခုခုမိတ်ဖြစ်ဆွေဖြစ် တစ်ခုခုသွားပြောတာမျိုးတွေကိုလုပ်ပါ။

အခုလိုမျိုး လူစိမ်းတွေအပါအဝင် ကိုယ်နဲ့မျက်မှန်းတမ်းမိသူတွေကို လမ်းတွေ့ပြုံးပြနှုတ်ဆက်တဲ့ ဆက်ဆံရေးမျိုးက အရေးမပါတဲ့ ဆက်ဆံရေးမျိုးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ ဒါဟာသိပ်ကို အရေးပါပါတယ်။

နှုတ်ဆက်တဲ့အချိန် တိုတောင်းပေမယ့် နွေးထွေးစွာ နှုတ်ဆက်မှုတွေဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ တိုက်ရိုက် အချိုးကျနေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ခဏတာနှုတ်ဆက်မှုမျိုးတွေက တစ်နေ့တာလုံးအတွက် ကိုယ့်ရဲ့စိတ်ခံစားချက်၊ ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေကို တိုးမြင့်စေပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ကျန်းမာရေးအပေါ်တောင်မှ ကြီးစွာသော ကောင်းကျိုးသက်ရောက်စေပါတယ်။

ကိုယ်မသိတဲ့သူနဲ့ စကားစမြည်ပြောခြင်းက ကသိကအောက်ဖြစ်စရာကောင်းတာမှန်ပါတယ်။  ဒါပေမဲ့   လူတွေက ကျွန်တော်တို့ကြိုတင်ယူဆထားတာထက်ပိုပြီး ကျွန်တော်တို့အပေါ် နှစ်လိုမှုရှိပါတယ်။

ဒါ့အပြင် မပြောပလောက်တဲ့ဆက်ဆံရေးမျိုးက ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်အတွင်းမှာ ကိုယ်မသိရသေးတဲ့ အတွေ့အကြုံဗဟုသုတတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ချီးကျူးဂုဏ်ပြုစကား ရေးသားပြောဆိုပါ

ကိုယ်တွေရဲ့ဘဝမှာ  အရေးကြီးတယ်လို့ယူဆရတဲ့လူတစ်ယောက်အကြောင်းကို တွေးကြည့်လိုက်ပါ။   တကယ်လို့များ  သူနဲ့နောက်တစ်ကြိမ်တွေ့ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုရင် သူ့ကိုကျေးဇူးတင်ကြောင်း ပြောဖို့အတွက်   ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားပါသလဲ။

အဖြေကတော့ ကိုယ်ပြောချင်တဲ့ အရာတွေကို စာတစ်စောင်အဖြစ် အမြန်ဆုံးချရေးလိုက်ပါ။ အဓိကကတော့ သူ့ကို ချီးကျူးဂုဏ်ပြုထားတဲ့ စကားပါပါစေ။

ပြီးရင် စာကိုစာတိုက်ကနေပဲဖြစ်စေ။ သူ့ကိုတိုက်ရိုက်ပေးတာပဲဖြစ်စေ။ ကွန်ပျူတာစာမစီတော့ဘဲ လက်ရေးမူကြမ်းနဲ့ပဲပေးလိုက်တာဖြစ်စေ။   ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ဆီကိုရောက်အောင်ပို့လိုက်ပါ။

ဘဝမှာပျော်ရွှင်စွာ နေထိုင်ရတဲ့လူများက  သူတို့ချစ်တဲ့သူတွေကို ချစ်ခင်ကြောင်းပြောဖို့အတွက် အချိန်ယူလေ့ရှိတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

တစ်စုံတစ်ယောက်ကို တန်ဖိုးထားကြောင်း ဖော်ပြထားတဲ့စာတစ်စောင်ကို ရေးသားခြင်းက ကိုယ်နဲ့သူရဲ့ကျန်းမာရေး အခြေအနေအပေါ်ကိုသာမက တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်မှုအပေါ်မှာပါ ကောင်းကျိုးများစွာ သက်ရောက်စေပါတယ်။

အခုလိုမျိုး စာလေးတစ်ကြောင်းဖြစ်စေ၊ စာလေးတစ်စောင်ဖြစ်စေ ရေးသားပေးပို့လိုက်ခြင်းဟာ ကိုယ့်အတွက်တော့ အချိန်ဘယ်လောက်မှ မပေးလိုက်ရပါဘူး။

ဒါပေမဲ့ အဲဒီစာကိုလက်ခံရရှိသူအနေနဲ့ကျတော့ သြော် သူက ငါ့ဆီကို စာရေးဖို့အတွက် အချိန်ပေးထားရတာပဲ။ သူက ငါ့အကြောင်းတွေးနေတာပဲလို့ တလေးတစားနဲ့တွေးတော သုံးသပ်ကြပါတယ်။

ဒီလိုမျိုးနည်းလမ်းကို ချစ်သူသမီးရည်းစားတွေမှာ  လုပ်ဆောင်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားကဆက်ဆံရေး    ပိုမိုခိုင်မာလာစေမယ်လို့ နယူးယောက်မြို့က  စိတ်ပညာရှင်ဂိုင်းဝစ်က  ပြောထားပါတယ်။

လုပ်ရမယ့်အရာကတော့  ကိုယ်ကအသိအမှတ်ပြု တန်ဖိုးထားတဲ့ ကိုယ့်လက်တွဲဖော်လုပ်ဆောင်ခဲ့တဲ့အရာ အသေးစိတ်အချက်အလက် ၁၀ ချက်လောက်ကို ချရေးလိုက်ပါ။ ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း အဲဒီအတိုင်းလုပ်ခိုင်းပါ။

ပြီးတဲ့အခါမှာ ကိုယ်ချရေးထားတဲ့ အကြောင်းအရာတွေကို ကိုယ့်လက်တွဲဖော်ရှေ့မှာ အသံထွက်ပြီးဖတ်ပြပါ။ အကြောင်းအရာတစ်ခု ဖတ်ပြီးတိုင်း ကိုယ့်လက်တွဲဖော်ရဲ့ မျက်နှာကိုကြည့်ပါ။

ဘယ်လိုအမူအရာလေးတွေက ကိုယ့်ကိုရင်ခုန်စေတယ်ဆိုတာ ပြောပြပါ။ အလားတူပဲ ကိုယ့်အလှည့်ပြီးတဲ့အခါ  ကိုယ့်လက်တွဲဖော်ကိုလည်း ကိုယ့်လိုပဲ ဖတ်ခိုင်းကြည့်လိုက်ပါလို့  ဂိုင်းဝစ်ကအကြံပြုထားပါတယ်။

ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေများရဲ့ အရေးပါမှု

လုပ်ငန်းခွင်မှာဆိုရင် လုပ်ဖော်ကိုင်ဖက်၊ ကျောင်းသားဆိုရင် အတန်းဖော်၊ ကိုယ်နဲ့သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဆက်ဆံရေးတည်ဆောက်ခြင်းကလည်း အလွန်ကိုပဲ အရေးပါလှပါတယ်။

တကယ်လို့ ကိုယ်ကအငြိမ်းစားယူထားသူတစ်ယောက်ဆိုရင် ဒါမှမဟုတ် အိမ်အပြင်မှာအလုပ်မလုပ်တော့တဲ့  မိဘနေရာရောက်နေသူဆိုရင်လည်း ကိုယ့်အနေနဲ့မကြာခဏ သွားလေ့ရှိတဲ့နေရာတွေ (အတန်းတစ်ခုခု၊ ကိုယ်ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုခု၊  ကော်ဖီဆိုင်)ကို ကိုယ့်အလုပ်ခွင်၊ ကိုယ့်ပတ်ဝန်းကျင်အဖြစ်သဘောထားပြီး ဆက်ဆံရေးတည် ဆောက်နိုင်ပါသေးတယ်။

ဒီလိုမျိုးနေရာတွေမှာ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် နည်းလမ်းလေးခုရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ ကိုယ်နဲ့တစ်ခါမှမသိကျွမ်းဖူးသူနဲ့ဆက်ဆံရေးတည်ဆောက်ခြင်း ဖြစ်ပါတယ်။

ဒီအတွက် အစည်းအဝေးတစ်ခုခုမှာဖြစ်စေ၊ အဖွဲ့တစ်ခုခုရဲ့အခြေအနေတစ်ခုခုမှာဖြစ်စေ ထုတ်ဖော်ပြောခြင်း ခံရတဲ့လူရဲ့နောက်ကို လိုက်သွားပြီး မိတ်ဆွေဖွဲ့ပါလို့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ရှက်တာနယ်ဆန်က ပြောပါတယ်။

မိတ်ဆွေဖွဲ့ဖို့အတွက်ပြောရမယ့်စကားကတော့ သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုခုကို အစပျိုးပြီး ရေလိုက်ငါးလိုက်ပြောဆိုခြင်းမျိုးဖြစ်ပါတယ်။

ကိုယ်နဲ့အနည်းငယ် ခင်မင်ရင်းနှီးသူနဲ့  ဆက်ဆံရေးတိုးတက်စေဖို့ အတွက်ကတော့ အချိန်ဘယ်လောက်မှ မကြာတဲ့ တစ်ခုခုကိုလုပ်ဖို့ သူ့ကိုဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။

ဥပမာ-ငါစိတ်ညစ်နေတယ်ကွာ၊ ဟိုနားသည်နားကို ခဏလောက်ဖြစ်ဖြစ်လမ်းလျှောက်ဖို့   လိုက်ခဲ့ပေးပါလားဆိုပြီး ဖိတ်ခေါ်တာမျိုး။ ဒါမှမဟုတ် သူ့ကိုချီးကျူးစကား ပြောပေးတာမျိုးတွေ ဖြစ်ပါတယ်။

ကိုယ်ကအဝေးကနေပဲ အလုပ်လုပ်သူဆိုရင်တော့ လိုင်းပေါ်မှာ ဘယ်သူမှမရောက်ခင် ကိုယ်ကအရင်စော ရောက်နေပြီး လိုင်းပေါ်တက်လာတဲ့သူတွေနဲ့ စကားစမြည်ပြောနေလိုက်ပါ။ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်များကို သူတို့ရဲ့ကြိုးစားအားထုတ်မှုအတွက်     ကျေးဇူးတင်ကြောင်းပြောပါ။

နောက်ဆုံးတစ်ခုကတော့ ကိုယ်ကလုပ်ငန်းခွင်တစ်ခုမှာ အကြီးအကဲဖြစ်တယ်ဆိုရင် အစည်းအဝေးမစခင်မှာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးနွေးထွေးစေမယ့် စကားများကို ပြောပေးရပါမယ်။

ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးဟာ သိပ်ထွေထွေထူးထူးကြီး လုပ်ယူနေစရာမလိုဘဲ  သူ့အလိုလို ပွင့်လန်းလာပါလိမ့်မယ်။

အလုပ်ရှင်တော်တော်များများကတော့ သူတို့နဲ့အလုပ်သမားတို့ကြားက ဆက်ဆံရေးကို   တိုးတက်စေမယ့် အခွင့်အလမ်းတွေကို ပိတ်ပစ်တတ်ကြပါတယ်။ ဒါဟာ  အင်မတန်ကြီးမားတဲ့အမှားကြီးတစ်ခု ဖြစ်ပါတယ်လို့ လူမှုစိတ်ပညာရှင်   ရွန်ဖရိုင်းမန်းကပြောပါတယ်။      

     Ref:CNA