ရုရှား၏ အသံနှုန်းလွန်ဒုံးကျည်တင်စစ်သင်္ဘောတစ်စင်း တရုတ်၊ တောင်အာဖရိကတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ရုရှား၏ အသံနှုန်းလွန်ဒုံးကျည်တင်စစ်သင်္ဘောတစ်စင်း တရုတ်၊ တောင်အာဖရိကတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ရုရှားရေတပ်မှ မျိုးဆက်သစ် အသံနှုန်းလွန်   ဒုံးကျည်တင်စစ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီလအတွင်း   တရုတ်၊ တောင်အာဖရိကတို့နှင့်ပူးပေါင်းကာ ပူးတွဲစစ်ရေးလေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်  Tass သတင်းဌာနက ဇန်နဝါရီ ၂၃ ရက်တွင်ဖော်ပြထားသည်။

အဆိုပါဖရီးဂိတ်စစ်ရေယာဉ်၌ အသံထက် ကိုးဆမြန်သောနှုန်းဖြင့် မိုင် ၆၂၀ အထိပျံသန်းနိုင်သည့်   ဇာကွန်ဒုံးကျည်များ တပ်ဆင်ထားခြင်းဖြစ်ပြီး   ယခုကဲ့သို့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်မှုကို တရားဝင်ထုတ်ဖော် ကြေညာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

Admiral Gorshkov အမည်ရှိ အဆိုပါစစ်ရေယာဉ်သည် ဆီးရီးယားနိုင်ငံ တားတက်မြို့သို့ ဦးစွာသွားကာ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းနောက်မှ တရုတ်၊ တောင်အာဖရိကရေတပ်တို့နှင့် ပူးပေါင်း၍ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို    လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Tass သတင်းဌာနက  အမည်မဖော်လိုသူ ကာကွယ်ရေး တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်ခန်းကို တောင်အာဖရိကနိုင်ငံက လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်အာဖရိက၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်ရည်ရွယ်ကြောင်း တောင်အာဖရိက အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ သုံးနိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ဒါဘန်မြို့နှင့် ရစ်ချတ်ပင်လယ်အော်တို့၌ ဆောင်ရွက်သွားမည်ဖြစ်သည်။

အသံနှုန်းလွန်ဒုံးကျည်များသည် ၎င်းတို့၏မြန်ဆန်လွန်းသော အလျင်နှင့် ကြားဖြတ်ပစ်ချခံရရန် ခဲယဉ်းမှုတို့ကြောင့် ရန်သူအနေဖြင့်   ကြောက်ရသည့်လက်နက်ဖြစ်သည့်အတွက် တရုတ်၊ ရုရှားနှင့် အမေရိကန်တို့က အပြိုင်အဆိုင် ဖန်တီးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။       

 Ref: Tass