အိန္ဒိယရေတပ်က  Kalvari  အမျိုးအစား၏ ပဉ္စမမြောက်ရေငုပ်သင်္ဘောကို တပ်တော်သွင်း

အိန္ဒိယရေတပ်က  Kalvari  အမျိုးအစား၏ ပဉ္စမမြောက်ရေငုပ်သင်္ဘောကို တပ်တော်သွင်း

အိန္ဒိယရေတပ်က Kalvari အမျိုးအစား၏   ပဉ္စမမြောက်ရေငုပ်သင်္ဘောဖြစ်သည့် ဝါဂီယာကို ဇန်နဝါရီ ၂၃ ရက်တွင် မွမ်ဘိုင်းမြို့ရှိ ရေတပ်သင်္ဘောကျင်းတစ်ခု၌ တပ်တော်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုတပ်တော်ဝင်သွားပြီဖြစ်သည့် ရေငုပ်သင်္ဘော၏ ပထမဆုံးအကြိမ် ပင်လယ်ပြင်လက်တွေ့စမ်းသပ်မှုကို    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင်  လုပ်ဆောင်ခြင်းဖြစ်သည်။

ထို့ပြင်    ဝါဂီယာရေငုပ်သင်္ဘောကို တပ်တော်မသွင်းမီ လက်ခံနိုင်သောစစ်ဆေးမှုများ၊ ကျပ်တည်းပြင်းထန်သော ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခုတ်မောင်းမှုများအားလုံးကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝါဂီယာရေငုပ်သင်္ဘောတွင် စွမ်းဆောင်ရည်မြင့်မားသော   လက်နက်စနစ်များတပ်ဆင်ထားကြောင်း၊ ဝါဂီယာကို တပ်တော်သွင်းနိုင်ခြင်းသည် အိန္ဒိယရေတပ်အတွက် နှစ်နှစ်အတွင်း တတိယမြောက်ရေငုပ်သင်္ဘောအဖြစ် သမိုင်းမှတ်တမ်းဝင်စေကြောင်းနှင့် ယခုလုပ်ဆောင်မှုသည်    အိန္ဒိယနိုင်ငံ၏သင်္ဘောကျင်းများအနေဖြင့် ရှုပ်ထွေးလှသော စနစ်များကို တည်ဆောက်နိုင်စွမ်းရှိသည့် ကျွမ်းကျင်မှုကို သက်သေခံနေခြင်း ဖြစ်ကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအာဟာရီကူးမားက  တပ်တော်ဝင်အခမ်းအနား၌   ပြောသည်။

ဝါဂီယာရေငုပ်သင်္ဘောသည် စစ်ရေယာဉ်တိုက်ဖျက်ခြင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ခြင်း၊ ထောက်လှမ်းရေး သတင်းစုဆောင်းခြင်း၊ မိုင်းခင်းခြင်းနှင့် ကင်းထောက်ခြင်းတို့ အပါအဝင် များပြားလှစွာသော စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိသည်။

Kalvari အမျိုးအစားရေငုပ်သင်္ဘောများကို မွမ်ဘိုင်းမြို့ရှိ Mazagon Dock သင်္ဘောတည်ဆောက်ရေး  လီမိတက်က ပြင်သစ်နိုင်ငံရှိ Naval Group နှင့်ပူးပေါင်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်း  သိရသည်။

Ref: ANC