ဂျပန်နိုင်ငံတစ်ဝန်း ဆီးနှင်းထူထပ်စွာကျဆင်းမည်

ဂျပန်နိုင်ငံတစ်ဝန်း ဆီးနှင်းထူထပ်စွာကျဆင်းမည်

 

ယခုဆောင်းရာသီ၏ အလွန်ပြင်းထန်သောလေအေးများ ဝင်ရောက်လာမည် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ တစ်ဝန်း၌ ဇန်နဝါရီ ၂၄ ရက်မှစ၍ ဆီးနှင်းထူထပ်စွာကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

အလွန်အေးသောလေအေးစီးကြောင်းသည် ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အတွင်း အနောက်ဘက်မှအရှေ့ဘက်သို့ ဦးတည်တိုက်ခတ်မည်ဖြစ်သည့်အတွက် ဆီးနှင်းများထူထပ်စွာ ကျဆင်းမည့်အပြင် နှင်းမုန်တိုင်းများပင် တိုက်ခတ်နိုင်ကာ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြစ်စေနိုင်ကြောင်း ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် ဆီးနှင်းများကျဆင်းစဉ်အတွင်း အထူးသတိထား၍မောင်းနှင်ရန်နှင့် ပြည်သူများအနေဖြင့်လည်း    ဆီးနှင်းထူထပ်စွာကျဆင်းမှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများကို အမြန်ဆုံးလုပ်ဆောင်ရန် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ ဆီးနှင်းများနှင့်နှင်းမုန်တိုင်းများကြောင့် ရေပိုက်များအေးခဲကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများလည်း ဖြစ်ပေါ်စေနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။ ထို့အတူ ဆီးနှင်းထူထပ်စွာ ကျဆင်းနိုင်သောနေရာများရှိ   ပြည်သူများအနေဖြင့် မလိုအပ်ဘဲအိမ်အပြင်မထွက်ရန်နှင့် အိမ်ထဲ၌သာနေထိုင်ရန်  မိုးလေဝသဌာနက ဆက်လက်သတိပေးထားသည်ဟု  သိရသည်။                     

Ref;TST