ဖျာပုံမြို့နယ်ထွက် အုန်းသီးအနုများ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နေရသဖြင့် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေ

ဖျာပုံမြို့နယ်ထွက် အုန်းသီးအနုများ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နေရသဖြင့် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေ

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် ဖျာပုံမြို့နယ်ထွက်   အုန်းသီးအနုများကို ပြည်ပဈေးကွက်သို့  ပြန်လည် တင်ပို့နေရသဖြင့် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း  ဖျာပုံမြို့နယ်မှ  အုန်းသီး ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။

ဖျာပုံမြို့နယ်၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အုန်းသီးအနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၃၀၀၀၀ သာဈေးရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အုန်းသီး အနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၆၅၀၀၀ အထိ  ဈေးကောင်းရရှိလာကာ  အဆိုပါ အုန်းသီးအနုများကို   ပြည်တွင်းပြည်ပ ဈေးကွက်သို့  ပြန်လည်တင်ပို့နေရခြင်း ကြောင့် ဈေးကောင်းရရှိခြင်းဖြစ်သည်။

ဖျာပုံမြို့နယ်က ဧရာဝတီမြစ်ဝကျွန်း ပေါ်မှာတည်ရှိပြီး  အုန်းသီးထွက်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။    အရင်နှစ်တွေက ကိုဗစ်-၁၉ ရောဂါ   အခြေအနေကြောင့် ပြည်ပအုန်းသီးဈေးကွက်  ပျက်ခဲ့ရတယ်။ ဒီနှစ် ပြည်ပကို ပြန်လည်တင်ပို့ခွင့်ရလာ လို့     အုန်းသီးဈေးကောင်းလာတာပါ။

အုန်းသီးတွေကို အနုသီးရော အရင့်သီးပါ တင်ပို့ရောင်းချနေရပြီး  လက်ရှိ အနုသီးတွေက ပိုအဝယ်လိုက်နေပါတယ်။ အုန်းသီး ဈေးကလည်းကောင်းလာသလို အသီးရင့် တဲ့အထိ   မစောင့်ရဘဲ  ငွေရလို့စိုက်တဲ့သူတွေ   အဆင်ပြေနေပါတယ်။   ပုံမှန်အဝယ်ရှိနေပေမယ့်    ဒီလပထမပတ်ကနေစပြီး အုန်းသီးအနုတွေ  ဝယ်လိုအားတက်လာတာပါ။  အုန်းသီးတွေကို   ဖျာပုံမြို့နယ်ကနေ   ရန်ကုန်၊   ရန်ကုန်ကနေတစ်ဆင့်   ပြည်ပဈေးကွက်ကို   တင်ပို့ရောင်းချနေပါတယ်ဟု  ဦးဌေးဝင်းကပြောသည်။

ဖျာပုံမြို့နယ်မှထွက်ရှိသည့် အုန်းသီးအနုများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊   ရန်ကုန်မြို့မှ   ပွဲရုံများက စနစ်တကျ ရွေးချယ်ထုပ်ပိုးပြီး ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့  အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

သုတကျော်