ပုသိမ်မြို့နယ်၌ ဒေသထွက်မြေအိုးစဉ့်အိုးများ ဝယ်လိုအားပြန်လည်ကောင်းမွန်လာသဖြင့် ယာယီရပ်နားထားသည့် မြေအိုးလုပ်ငန်း များ ပြန်လည်လုပ်ကိုင်နေရ

ပုသိမ်မြို့နယ်၌ ဒေသထွက်မြေအိုးစဉ့်အိုးများ ဝယ်လိုအားပြန်လည်ကောင်းမွန်လာသဖြင့် ယာယီရပ်နားထားသည့် မြေအိုးလုပ်ငန်း များ ပြန်လည်လုပ်ကိုင်နေရ

ပုသိမ်၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အတွင်းရှိ ဒေသခံများ မိရိုးဖလာလုပ်ငန်း တစ်ခုအဖြစ် အဓိကလုပ်ကိုင်ကြသော   မြေအိုးစဉ့်အိုးများကို ဝယ်လိုအားပြန်လည် ကောင်းမွန်လာသဖြင့် ယာယီရပ်နားထား သည့်မြေအိုးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် နေရကြောင်း ပုသိမ်မြို့နယ်မှ မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေ၏ပြောဆိုချက်အရ သိရသည်။   

ပုသိမ်မြို့နယ်မှဒေသခံများသည် မိရိုး ဖလာလုပ်ငန်းအဖြစ် မြေအိုးစဉ့်အိုးများကို ထုတ်လုပ်ရောင်းချကြပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂  ခုနှစ် တို့တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြေအိုးလုပ်ငန်းများ ယာယီရပ်နားထားခဲ့ရာမှ လက်ရှိတွင် အဆိုပါဒေသထွက် မြေအိုးများကို ဝယ်လိုအားပြန်လည်ကောင်းမွန်လာ သဖြင့် ၂၀၂၂  ခုနှစ်  ဇန်နဝါရီဒုတိယပတ်မှစ၍ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း    သိရသည်။

“လက်ရှိ မြေအိုးတွေကို အသုံးပြုသူနည်းလာတယ်။ ပလတ်စတစ်နဲ့လုပ်တဲ့အရာတွေကို ပိုအသုံးများလာကြတယ်။ ဒါပေမဲ့  ပလတ်စတစ်အသင့်သုံး ပစ္စည်းတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့အတွက် နေရာတိုင်း အသုံးပြုလို့မရဘူး။ ဒါကြောင့်  မြေအိုးလုပ်ငန်းတွေက လုံး၀ပျောက်ကွယ်သွားစရာမရှိပါဘူး။ လက်ရှိပုသိမ်ကထွက်တဲ့ မြေအိုးတွေကို ရန်ကုန်မြို့ကို အဓိက တင်ပို့ရောင်းချနေရပါတယ်” ဟု ဒေါ်ဆွေဆွေကပြောသည်။

အဆိုပါဒေသထွက် မြေအိုးများကို လက်ရှိ ရန်ကုန်မြို့မှ ဝယ်လိုအားကောင်း နေပြီး တစ်ပတ်လျှင် ငွေကျပ် သိန်း ၃၀ မှ ၄၀ အထိ ရောင်းအားရှိနေကာ မြေအိုးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာရသဖြင့် လုပ်ငန်းရှင်များ၊ မြေအိုးလုပ်သားများနှင့် မြေအိုးကို လက်လီလက်ကား ဝယ်ယူရောင်းချသူများ အဆင်ပြေလာကြောင်း သိရသည်။

လက်ရှိတွင် သောက်ရေအိုး၊ သုံးရေအိုး၊ ပန်းအိုးအမျိုးမျိုး၊ ထမင်းချက်အိုးအမျိုးမျိုး၊ ငါးပိထည့်အိုးအမျိုးမျိုး၊ ကောက်ညှင်း ပေါင်းအိုး အမျိုးမျိုး စသည်တို့ကို ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

သုတကျော်