ကျွန်းလှမြို့နယ်၌ မိုးစပါး ရာနှုန်းပြည့်ရိတ်သိမ်းပြီး တစ်ဧကလျှင် ပျမ်းမျှ ၇၃ ဒသမ ၄၇ တင်းထွက်ရှိ

ကျွန်းလှမြို့နယ်၌ မိုးစပါး ရာနှုန်းပြည့်ရိတ်သိမ်းပြီး တစ်ဧကလျှင် ပျမ်းမျှ ၇၃ ဒသမ ၄၇ တင်းထွက်ရှိ

ကျွန်းလှ၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကျွန်းလှမြို့နယ်၌ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါး ၃၄၀၉၃ ဧက ရိတ်သိမ်းပြီး တစ်ဧက လျှင် ပျမ်းမျှ ၇၃ ဒသမ ၄၇ တင်းထွက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီ၏ ပြောပြချက်အရ သိရသည်။

“ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေက မိုးကောင်းသောက်လယ်တွေဖြစ်ပေမယ့် မိုးစပါးကို ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး ဘောင်ပျိုး၊  ရိုးရိုးပျိုးထောင်နဲ့  မျိုးစေ့တိုက်ရိုက်ချစနစ်တွေနဲ့   စိုက်ပျိုးကြပါတယ်။ ကျွန်းလှမြို့နယ်မှာ မိုးစပါး ၂၉၄၉၂ ဧကလျာထားစိုက်ပျိုးရာမှာ ၃၄၀၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟုဒေါ်မြင့်မြင့်ရီကပြောသည်။

မိုးစပါးစိုက်ပျိုးသည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ယူရီးယားဓာတ်မြေသြဇာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း   စသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဝန်ဆောင်မှုပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဧရာမင်း ၁၄၄၁၇ ဧက၊ မနောသုခ ၉၄၃၈ ဧက၊ ဆင်းသုခ ၇၃၈၇ ဧက၊ ရွှေသွယ်ရင် ၂၈၅၁ ဧက  စုစုပေါင်း  ၃၄၀၉၃  ဧကရှိကြောင်း သိရသည်။         

 မျိုးဝင်းညို(ကျွန်းလှ)