ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ပုံမှန်လေ့လာသူများအပြင် ပုဂ္ဂလိက ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါ လာရောက်ကြည့်ရှုလေ့လာ

ရန်ကုန် ဇန်နဝါရီ ၂၃   

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ပုံမှန်လေ့လာသူများအပြင် ပုဂ္ဂလိက ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါ လာရောက်ကြည့်ရှုလေ့လာ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ နေ့စဉ်ပုံမှန်လာရောက် ကြည့်ရှုလေ့လာသူများ အပြင် ပုဂ္ဂလိကပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်လေ့လာမှုများရှိကြောင်း ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာမှ သိရသည်။

“ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာပုံမှန်ရက်တွေဆိုရင် တစ်နေ့ကို လူဦးရေ ၈၀၀နဲ့ ၁၀၀၀ ကြား လာရောက်ပါတယ်။ စနေ၊ တနင်္ဂနွေနဲ့အခါကြီး ရက်ကြီးတွေမှာ ပိုများပါတယ်။ အများအားဖြင့်တော့ လူငယ်တွေ ပိုများပါတယ်။ သူငယ်ချင်းတွေစုပေါင်းပြီး လာရောက်လေ့လာသလို မိသားစုလိုက်၊ အဖွဲ့လိုက်စုပေါင်းပြီး ထမင်းချိုင့်တွေနဲ့လာရောက် အပန်းဖြေသူတွေလည်း ရှိပါတယ်။  ဒါ့ပြင် အခုဆိုရင် ပုဂ္ဂလိကကျောင်းတွေကလည်း လေ့လာရေးအနေနဲ့ လာရောက်ကြပါတယ်။ ဒီမှာက တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ရိုးရာဓလေ့တွေကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်သလို တိုင်းရင်းသားကျေးရွာဟာ အရိပ်အာဝါသကောင်းတဲ့အတွက် အေးအေးချမ်းချမ်းနဲ့ အနားယူဖို့ကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားကျေးရွာမှာ ရေနွေးငွေ့သုံးမီးရထား စက်ခေါင်း၊ သင်္ဘောနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာနိုင်သလို လမုတောဥယျာဉ်အတွင်း လမ်းလျှောက်ပြီး ပဲခူးမြစ်ရဲ့ သဘာဝအလှကိုလည်း  ခံစားနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားကျေးရွာမှာ မသမာမှုတွေမဖြစ်အောင် လုံခြုံရေးဝန်ထမ်းတွေက လည်း အမြဲစောင့်ရှောက်ပေးလျက်ရှိပါတယ်” ဟု ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး   ဦးစန်းလှိုင်က ပြောသည်။

ယခုအခါပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအကအလှ သီဆိုဖျော်ဖြေမှု အစီအစဉ်သစ်များအား ပြုလုပ်ပေးလျက်ရှိသလို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တစ်လတစ်ကြိမ် ခန့် ပြင်ပမှမျက်လှည့်နှင့် ရုပ်သေးပညာရှင်များအား ဖိတ်ခေါ်ပြီး ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ပေးလျက်ရှိရာ လာရောက် ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစုတစည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်းခိုင်မာလာစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်း လာစေရန်ရည်ရွယ်လျက်၂၀၀၂ခုနှစ်  ဒီဇင်ဘာ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။                    

 လင်းခန့်