ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်

နေပြည်တော်၊ သာသနာရေး

ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်းမည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်တော်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်ကြီးကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အစီအစဉ်ကို ဆောင်ရွက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိ သေကအနေကဇာတင်လှူပူဇော်၍ လှူဒါန်းခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ      မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော  ပရိတ်တရားတော်မြတ်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏  သြဝါဒါစရိယ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်နေပြည်သူများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများ က လက်ခံရယူကြသည်။

အဆိုပါပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းခြင်းဖြစ်ပြီး ယခုလှူဒါန်းခြင်းသည် ဒုတိယအကြိမ်မြောက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

လင်းကြည်လင်း