ပိုးချည်နှင့်ပိုးထည်များကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်

ပြင်ဦးလွင် ဇန်နဝါရီ ၂၃

ပိုးချည်နှင့်ပိုးထည်များကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်

ပိုးချည်နှင့် ပိုးထည်များကို သွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် စီးပွားဖြစ်ထုတ်လုပ်ခြင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အသေးစားမွေးမြူသူများအတွက် နည်းပညာနှင့် လိုအပ်ချက် များဖြည့်ဆည်းပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးတက်ရေး  ဖော်ဆောင်ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးမျိုးများမျိုး စပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးနှင့် ဝာာဝန်ရှိသူများသည် ပိုးမျိုးသန့်မျိုးထိန်းလုပ်ငန်းများ၊ မျိုးပိုးဥထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းများ၊ နည်းပညာ ပြန့်ပွားရေးသင်တန်း လုပ်ငန်းဆိုင်ရာများ၊ တောင်သူများထံသို့ ပိုးမျိုးဥနှင့် နည်းပညာပံ့ပိုးပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်ခွဲခန်းတာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဝာာဝန်ရှိသူများသည် ရွှေဧရာနဒီကုမ္ပဏီလီမိတက်၏ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစဉ်များ ကြည့်ရှု အားပေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park)သို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးက ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ကို  သဘာဝအတိုင်း အမြင်ဆန်းသစ်သည့် ဒေသပြယုဂ် တစ်ခုအဖြစ်သာမက ကော်ဖီနှင့်ပတ်သက်၍ တစ်နေရာတည်းတွင် စုံစုံလင်လင်လေ့လာနိုင်ရေး ရည်ရွယ်ဆောင်ရွက် ထားခြင်းဖြစ်၍ လာရောက်လေ့လာသူများ အေးချမ်းပျော်ရွှင်စွာ နားနေနိုင်ရေးနှင့် ကော်ဖီစိုက်ခင်း အခြေခံခရီးသွားဝန်ဆောင်မှု လုပ်ငန်းဖွံ့ဖြိုး လာရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ပြင်ဦးလွင် ကော်ဖီ ဥယျာဉ် (Pyin Oo Lwin Coffee Park)အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် စည်သာရေကူရေလှောင်တမံနှင့် စည်သာရေလှောင်တမံသို့ ရောက်ရှိကြ ပြီး ဒုတိယဝန်ကြီးက ဒေသ၏ နှစ်စဉ်မိုးရေရရှိမှု၊ စီးဝင်ရေပမာဏနှင့် သိုလှောင်နိုင်မှုတို့အရ ပြင်ဦးလွင်မြို့နယ်အတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှု ဖူလုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်၍ ပထဝီမြေမျက်နှာ အခြေအနေအရ ရေရှည်အကျိုးရှိနိုင်မည့် နည်းလမ်းကို ဖော်ထုတ်အသုံးချရန်၊ ရေချွေတာနိုင်မည့် အသုံးပြုမှုစနစ်များ ထည့်သွင်း စီမံဆောင်ရွက်ရန်၊ ဒေသနေတောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်း ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။       

 (သတင်းစဉ်)