ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေး ကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

    မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ် (၅၅) ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ကျင်းပခဲ့သည့် အာရှပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) ၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်     မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက  မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တိုးတက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ အကဲဖြတ်သူများ၏ မေးခွန်းများအပေါ် မြန်မာအဖွဲ့က ပြန်လည် ဖြေကြားချက်များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရန်  လိုအပ်သည့် အချက်များကို  ပြန်လည် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) သို့ မြန်မာနိုင်ငံ၏ အကဲဖြတ်ချက် အစီရင်ခံစာပါ စံနှုန်းနိမ့်သည့် အကြံပြုချက်များအတွက် စံနှုန်းတိုးမြှင့်တောင်းခံမည့် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍  လိုအပ်သည့် ညွှန်ကြားချက်များကို သတ်မှတ်ရက်တွင် ထည့်သွင်းပေးပို့နိုင်ရန် အတွက်   မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာလင်းအောင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို လည်းကောင်း၊ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက   အကောင်အထည်ဖော်ရမည့် သက်ဆိုင်ရာ ဌာနအလိုက် ဆက်လက်ဆောင်ရွက်ရမည့်  အချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာ ဌာနကြီး)၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။