သြစတြေးလျသိပ္ပံပညာရှင်များက နျူကလီးယားလောင်စာများကိုစောင့်ကြည့်မည့် စက်ရုပ်စနစ်ကိုတီထွင်

သြစတြေးလျသိပ္ပံပညာရှင်များက နျူကလီးယားလောင်စာများကိုစောင့်ကြည့်မည့် စက်ရုပ်စနစ်ကိုတီထွင်

သြစတြေးလျ  သိပ္ပံပညာရှင်များက နျူကလီးယားဓာတ်အားပေးစက်ရုံများရှိ အသုံးပြုပြီးသော နျူကလီးယား လောင်စာများ၏ ဘေးကင်းစိတ်ချရမှုကို အနီးကပ် စောင့်ကြည့်မည့် စက်ရုပ်စနစ်ကိုတီထွင်လိုက်ကြောင်း သိရသည်။

ထိုလောင်စာများကို စောင့်ကြည့်ခြင်းအားဖြင့် နျူကလီးယားစက်ရုံ၌ အလုပ်လုပ်နေသော ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကို လုံခြုံစေမည်ဖြစ်ကြောင်း   သြစတြေးလျ ဓနသဟာယသိပ္ပံနှင့် စက်မှုလုပ်ငန်းသုတေ သနအဖွဲ့အစည်း (CSIRO) က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စက်ရုပ်စနစ်ကို ဟန်ဂေရီနိုင်ငံ မှ စက်ရုပ်ကုမ္ပဏီဖြစ်သော  Datastart၊ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)တို့နှင့် ပူးပေါင်းတီထွင်ဖန်တီးထားခြင်း ဖြစ်သည်။

ရှေ့ပြေးပုံစံဖြစ်သော ထိုစက်ရုပ်စနစ်သည်  အသုံးပြုပြီးသော နျူကလီးယားလောင်စာများကို   သိုလှောင်ရာနေရာ၌ လှုပ်ရှားသွားလာနေကာ သုတေသနပညာရှင်များကို  အချိန်နှင့်တစ်ပြေးညီဖြစ်သော  အချက်အလက်များထောက်ပံ့ပေးမည်ဖြစ်သည်။

ယခုစက်ရုပ်စနစ်သည် အန္တရာယ်များသော အလုပ်လုပ်နေရသည့် လူသားများ၏နေရာကို အစားထိုး ဝင်ရောက်မည် ဖြစ်သောကြောင့် ဘေးကင်းစိတ်ချရမှုအမြင့်ဆုံးဖြစ် စေမည်ဖြစ်ကြောင်း CSIRO မှ နည်းပညာ အစီအစဉ်မန်နေဂျာ  ရိုစီအတ်ဝဲကပြောသည်။

စက်ရုပ်စနစ်က စောင့်ကြည့်မည့်အရာမှာ ချီရန်ကော့ဓာတ်ရောင်ခြည်ဖြစ်သည်။ ထိုရောင်ခြည်သည် စွမ်းအင်ပုံစံ တစ်မျိုးဖြစ်ပြီး အီလက်ထရွန်နှင့် ပရိုတွန်တို့ အလင်း၏ အလျင်ထက်မြန်သောနှုန်းဖြင့်  ရွေ့လျား မှုကြောင့် ဖြစ်ပေါ်လာသည့်   အပြာရောင် အလင်းတန်းဖြစ်ကြောင်း သိရသည်။

Ref:Sputnik