ဧရာဝတီတိုင်း ဒေသကြီး၌ ငရုတ်စိုက်ဧက ခုနစ်သောင်းကျော် စိုက်ပျိုးထားပြီး ပြည်တွင်းဈေးကွက်သို့ အဓိကထား တင်ပို့

ဧရာဝတီတိုင်း ဒေသကြီး၌ ငရုတ်စိုက်ဧက ခုနစ်သောင်းကျော် စိုက်ပျိုးထားပြီး ပြည်တွင်းဈေးကွက်သို့ အဓိကထား တင်ပို့

    ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငရုတ်စိုက်ဧက ခုနစ်သောင်းကျော် စိုက်ပျိုးထားပြီး ပြည်တွင်းဈေးကွက်သို့ အဓိကထား တင်ပို့လျက် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင်  မိုးငရုတ်  ၂၁၅၄  ဧကနှင့်   ဆောင်းငရုတ်ဧက   ၇၁၈၅၀   စုစုပေါင်း  ၇၄၀၀၄  ဧက စိုက်ပျိုးထားကြောင်း သိရသည်။

“မိုးငရုတ်ကိုတော့  မိုးရာသီမှာ စိုက်ပျိုးပြီး ဆောင်းငရုတ်ကိုတော့   မိုးစပါးပြီးနောက်ပိုင်း   စိုက်ပျိုးတာ များတယ်။ ငရုတ်က အသီးစိမ်း ခူးတာဖြစ်တဲ့ အတွက်  စိုက်ပြီး သိပ်မကြာဘူး တောက်လျှောက်ခူးရတယ်။

အပင်က တစ်ခါတည်းရင့်တာ မဟုတ်တော့ ရင့်လိုက်ခူးလိုက်နဲ့  ရွေးခူးရတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

အဆိုပါဒေသ၌ မိုးထောင်ငရုတ်များ အပြင် ငရုတ်ပွမျိုးများလည်း  စိုက်ပျိုးလေ့ရှိကာ  ငရုတ်အစို၊  ငရုတ်အခြောက်အဖြစ်  ရောင်းချလေ့ရှိကြောင်း၊  ငရုတ်ကို နည်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးလေ့ရှိပြီး အဓိကအားဖြင့် ပျိုးပင်ပျိုး၍ စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

“တချို့က ငရုတ်ကို ပျိုးထောင် စိုက်ပျိုးကြတယ်။ သက်တမ်း ၁၅ ရက်ကနေ ရက်  ၂၀ လောက်ဆို ပျိုးပင်ရွှေ့စိုက်တယ်။ သိပ်မကြာဘူး အသီးသီးတယ်။  အဓိကအနေနဲ့ ငရုတ်အစိုက ဈေးကောင်းရရှိတဲ့အတွက် အစိုပဲရောင်းကြတယ်။      တချို့လည်း အခြောက်ထားပြီး   နည်းနည်းကြာမှ  ခူးတယ်”ဟု ဒေါ်ဖြူဖြူသင်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌  မိုးငရုတ်ကို ရေငန်ဝင်သည့်     ဧရိယာများဖြစ်သည့် လပွတ္တာ၊    မြောင်းမြနှင့်   ဖျာပုံခရိုင်တို့ရှိ မြို့နယ်များမှအပ ကျန်မြို့နယ်များ၌ စိုက်ပျိုးပြီး   ဆောင်းငရုတ်ကို   ဖျာပုံခရိုင်ရှိ ကျိုက်လတ်နှင့်    ဒေးဒရဲမြို့နယ်များမှအပ ကျန်မြို့နယ်များ၌ စိုက်ပျိုးလေ့ ရှိသည်။

ထို့ပြင်   ဆောင်းငရုတ်ကို   ရေငန်ဝင်သည့်    ဧရိယာဖြစ်သည့်   မြို့နယ်များ၌ အနည်းငယ် စိုက်ပျိုးပြီး ဈေးကွက် ရရှိမှုပေါ် မူတည်၍   စိုက်ဧကအနည်းငယ်   အတိုး အလျှော့ပြုလုပ် စိုက်ပျိုးလေ့ ရှိကြောင်း သိရသည်။