အမေရိကန်ရှိမြို့သုံးခု၌ တစ်ရက်တည်းမှာပင် ပစ်ခတ်မှုများဖြစ်ပွား လူ ၁၁ ဦးသေဆုံး

အမေရိကန်ရှိမြို့သုံးခု၌ တစ်ရက်တည်းမှာပင် ပစ်ခတ်မှုများဖြစ်ပွား လူ ၁၁ ဦးသေဆုံး

အမေရိကန်နိုင်ငံရှိမြို့သုံးခု၌ ဇန်နဝါရီ ၂၃ ရက် တစ်ရက်တည်းမှာပင် ပစ်ခတ်မှုများဖြစ်ပွားရာ  အနည်းဆုံး လူ ၁၁ ဦး သေဆုံးကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှုများအနက်တစ်ခုမှာ ကယ်လီဖိုးနီးယားပြည်နယ် ဟက်မွန်းဘေးမြို့၌ ဖြစ်ပွားခြင်းဖြစ်ပြီး ခုနစ်ဦး သေဆုံးကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။

ထိုပစ်ခတ်မှုမှသံသယရှိသူကို အမှတ်(၉၂)အမြန်လမ်းအနီး၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါ လူထုအတွက်ခြိမ်းခြောက်မှု မရှိတော့ကြောင်း ဆန်မက်တီယိုစီရင်စုရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ထပ်ပစ်ခတ်မှုတစ်ခုမှာ အိုင်အိုဝါပြည်နယ် ဒက်စမွိုင်းမြို့ရှိ စာသင်ကျောင်းတစ်ခု၌ဖြစ်ပွားခြင်းဖြစ်ပြီး ကျောင်းသားနှစ်ဦးသေဆုံးပြီး  အလုပ်သမားတစ်ဦးဒဏ်ရာရရှိကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ ယင်းပစ်ခတ်မှုသည်  Starts Right Here အမည်ရှိ ပညာရေးအစီအစဉ်တစ်ခု ကျင်းပနေစဉ်ဖြစ်ပွားခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိနစ် ၂၀ အကြာတွင် ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ များ၏  ထွက်ဆိုချက်နှင့် ကိုက်ညီသော သံသယရှိသူ၏ကားကို တားဆီးစစ်ဆေးကာ သံသယရှိသူသုံးဦးကို ဖမ်းဆီးလိုက်နိုင်သည်။

တတိယမြောက်ပစ်ခတ်မှုတစ်ခုမှာ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့၌ဖြစ်ပွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် လူ နှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိသည်။

ထိုပစ်ခတ်မှုသည် သံသယရှိသူများက နေအိမ်တစ်လုံးကိုဖောက်ထွင်းဝင်ရောက်စဉ်ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် အဆိုပါသံသယရှိသူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံ   ကယ်လီဖိုးနီးယားပြည်နယ်၌ မကြာသေးမီကလည်း ယခုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁၁ ဦး သေဆုံးထားကြောင်း သိရသည်။

Ref:ANC