တစ်နှစ်လုံးမှာ ပျော်ရွှင်မှုကို ထိန်းသိမ်းပါ

တစ်နှစ်လုံးမှာ ပျော်ရွှင်မှုကို ထိန်းသိမ်းပါ

ဆက်ဆံရေးတိုးတက်စေမယ့်အချက် ၇ ချက်ထဲက နောက်ဆုံးတစ်ချက်ကတော့ ကိုယ်စတင်ခဲ့တဲ့အရာကို ရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် နှစ်စမှာစတင်ခဲ့တဲ့ ဆက်ဆံရေးတိုးတက်စေမယ့်  အမူအကျင့်များကို တစ်နှစ်လုံး ဆက်လက်ဆောင်ရွက်သွားဖို့ပါပဲ။

ဒီလိုလုပ်ဆောင်ဖို့အတွက် လိုက်နာသင့်တဲ့ အချက်သုံးချက်ကိုလည်း ပါမောက္ခဝဲဒင်းဂါးနဲ့အဖွဲ့က ထုတ်ပြန်ဖော်ပြ ထားပါသေးတယ်။

ပထမဆုံးတစ်ခုက    ဆက်ဆံရေးအတွက် ရည်မှန်းချက်သတ်မှတ်ဖို့ဖြစ်ပါတယ်။ ဒီအချက်က ကိုယ်ရရှိထားတဲ့ ဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ရောက်ရှိအောင်သတ်မှတ်ထားရမှာပါ။

ဒီအတွက်လိုက်နာရမယ့်အချက်က    ကိုယ်ကလက်တွေ့ကျပါစေ။ ဆက်ဆံရေးတိုးတက်စေဖို့အတွက် ကိုယ်ကသီတင်းပတ်တစ်ပတ်မှာ  ကိစ္စအနည်းငယ်ကိုပဲလုပ်နိုင်လား။    ဥပမာ-တစ်စုံတစ်ယောက်ကို မင်္ဂလာပါ လို့နှုတ်ဆက်ပြီး စာတစ်စောင်၊ အီးမေးတစ်စောင်ပဲပို့နိုင်လား။

ကိုယ့်ရဲ့အပေါင်းအဖော်နဲ့ ကိုယ်က သီတင်းပတ်တစ်ပတ်မှာ  ရည်မှန်းချက်တစ်ခုကိုပဲ  အတူရောက်အောင် လုပ်နိုင်လား။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ အသေးဆုံးအရာကနေစလုပ်ပြီး    နောက်ပိုင်းမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို     တဖြည်းဖြည်းတိုးမြှင့်သွားပါ။

ကိုယ့်အနေနဲ့ ဒီတစ်နှစ်လုံးမှာ အရင်းနှီးဆုံးဖြစ်ချင်သူစာရင်းကိုလည်း ပြုစုထားဖို့လိုပါလိမ့်မယ်လို့ ပေါင်းသင်း ဆက်ဆံရေးနဲ့ ပတ်သက်လို့ စာအုပ်များစွာကို ရေးသားခဲ့သူ နယ်ဆန်က အကြံပြုထားပါတယ်။

ဒီလိုမျိုးစာရင်းပြုစုထားခြင်းအားဖြင့် ဒီတစ်နှစ်လုံးမှာသူတို့နဲ့ရင်းနှီးကျွမ်းဝင်စေဖို့   အခွင့်အရေးတွေကို ဖန်တီးရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါ့အပြင်အစီအစဉ်များကို ရေးဆွဲရာမှာလည်း အဲဒီစာရင်းက အကူအညီပေးဦးမှာပါ။

တစ်ချိန်ချိန်မှာ ငါတို့အတူဆုံကြမလား ဆိုတဲ့ မသေချာမရေရာသော ဖိတ်ခေါ်မှုတွေအစား နောက်တစ်ပတ် အင်္ဂါနေ့ဆိုအားမလားဆိုတဲ့  တိကျတဲ့ဖိတ်ခေါ်မှုနဲ့ အစားထိုးရမှာဖြစ်ပါတယ်။

နောက်တစ်ခုက အစဉ်တစိုက်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီတစ်ချက်ကတော့ လုပ်ဆောင်ရမှာ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပေမယ့်  ကိုယ့်အနေနဲ့  သူတို့နဲ့အမြဲတစေပြောဆိုဆက်ဆံမှုမလုပ်ဘူးဆိုရင်၊ မလုပ်သေးသရွေ့ သူတို့နဲ့နီးစပ်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အမြဲအမှတ်ရနေဖို့ လိုအပ်ပါတယ်။

တကယ်လို့များ  ကိုယ်ကသူနဲ့အမြဲတစေတွေ့ဆုံနိုင်တဲ့ နေရာတွေကို သွားရောက်နိုင်ခြင်း မရှိဘူး၊ အသင်းအဖွဲ့တွေကို ဝင်ရောက်နိုင်ခြင်း မရှိဘူးဆိုရင် ဒီလိုမျိုး အခြေအနေတွေရရှိအောင်    ကိုယ်တိုင်ဖန်တီးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသနပြုမှုမှာ အစပိုင်းက ခင်မင်ရင်းနှီးခဲ့တဲ့ဆက်ဆံရေးဟာ     နောက်ပိုင်းမှာ အေးစက်သွားရတာက လျစ်လျူရှုမှုကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်    ကိုယ့်ရဲ့ဆက်ဆံရေးတိုးတက်စေဖို့အတွက်  ကိုယ့်ရဲ့ခွန်အား၊  ကိုယ့်ရဲ့အချိန်တွေကို ရင်းနှီး စိုက်ထုတ်တာက ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်လို့    ပါမောက္ခဝဲဒင်းဂါးက ပြောပါတယ်။

ဒီအတွက်ပြောရမယ်ဆိုရင် တခြားသူတွေနဲ့တွေ့ဆုံမှုအကြိမ်ရေနဲ့ တွေ့ဆုံမှုပုံစံများက ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကြိုတင်ခန့်မှန်းပေးတဲ့     အဓိကအရာကြီးနှစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်က ဓလေ့များက အရေးပါတဲ့အရာဖြစ်တယ် ဆိုတာပါပဲ။  အလေ့အထတစ်ခုစွဲမြဲ သွားစေဖို့အတွက် အကောင်းဆုံးနည်းလမ်းက သာမန်မျှသာဖြစ်ပြီး မထူးခြားတဲ့ လုပ်ဆောင်မှုများကို ဓလေ့အဖြစ်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။

မီးဖိုချောင်စားပွဲတစ်ခုမှာ  ချစ်ရသူတွေနဲ့အတူ ရရှိထားတဲ့အတွေ့အကြုံများက တစ်သက်မှာတစ်ခါသာ ထွက်ရတဲ့   အပျော်ခရီးမှာရရှိတဲ့ အတွေ့အကြုံများထက် ပိုမိုပျော်ရွှင်ဖို့ကောင်းတာကို တွေ့ရပါတယ်လို့ ပါမောက္ခကေစီဟုမ်းက ပြောပါတယ်။

ဒီလိုမျိုး   ဘာမဟုတ်တဲ့သာမန်ကိစ္စလေးတွေကို အခြားသူတွေနဲ့အတူ    ဦးစားပေးလုပ်ဆောင်ဖို့ တွန်းအားပေးခြင်းအားဖြင့်    ဒီကိစ္စလေးတွေဟာ တစ်ချိန်မှာ  ဓလေ့တစ်ခုလိုမျိုးဖြစ်လာနိုင်ပါတယ်လို့ ပါမောက္ခကေစီဟုမ်းက ဆိုပါတယ်။

အခုဆိုရင်    ကိုယ့်ရဲ့ဆက်ဆံရေးတိုးတက်စေဖို့အတွက်  လုပ်ဆောင်သင့်တဲ့အချက်  ၇ ချက်ကို သုတေသန ပညာရှင်များက ဖော်ထုတ်ပြီး ကျွန်တော်က ရေးသားတင်ပြပြီးပါပြီ။

စာဖတ်ပရိသတ်အားလုံးလည်း ၂၀၂၃ ခုနှစ်ကစလို့ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ဆက်ဆံရေး ကောင်းများကို တည်ဆောက်ကာ အောင်မြင်ပျော်ရွှင်တဲ့ဘဝများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။

Ref:CNA