၂၀၂၃ ခုနှစ်မှာ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆက်ဆံရေးတိုးတက်စေမယ့် ဒီ ၇ ချက်ကိုကြိုးစားကြည့်လိုက်ပါ (၃)

၂၀၂၃ ခုနှစ်မှာ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆက်ဆံရေးတိုးတက်စေမယ့် ဒီ ၇ ချက်ကိုကြိုးစားကြည့်လိုက်ပါ (၃)

အစီအစဉ်များကို မဖျက်လိုက်ပါနဲ့

သူငယ်ချင်း၊  မိတ်ဆွေအပေါင်းအသင်း၊  ချစ်သူသမီးရည်းစားနဲ့တွေ့ဆုံဖို့အတွက် အစီအစဉ်တွေ ဆွဲထားတယ်ဆိုရင် အဲဒီအစီအစဉ်ကို ပြက္ခဒိန်ပေါ်မှာ ရေးမှတ်ထားလိုက်ပါ။

တကယ်လို့များ  သင်က  တစ်ချိန်ချိန်ကျရင်ငါ မင်းနဲ့အတူ ကော်ဖီသောက်ချင်လိုက်တာလို့ တစ်စုံတစ်ယောက်ကို ပြောခဲ့ဖူးတယ်ဆိုရင် အဲဒီအရာကို ဒီနေ့ပဲ အကောင်အထည်ဖော်လိုက်ပါ။

ကျွန်တော်တို့ အများစုဟာ  လူတွေနဲ့ပေါင်းသင်းဆက်ဆံပြီး သွားလာလှုပ်ရှားရတာမျိုးတွေကို လုပ်ချင် စိတ်မရှိကြပါဘူးလို့ ဒယ်လာဝဲတက္ကသိုလ်မှ စိတ်ပိုင်းဆိုင်ရာနဲ့   ဦးနှောက်သိပ္ပံလက်ထောက် ပါမောက္ခဖိလစ်ဂေဘယ်က ပြောပါတယ်။

ဒီအတွက်ကြောင့်   ကိုယ့်အနေနဲ့ဆက်ဆံရေး တိုးတက်စေလိုတယ်ဆိုရင်တော့  ကိုယ်ကိုယ်တိုင်က ရည်မှန်းချက်ငယ်များ ချမှတ်ပြီး အပြင်ထွက်ဖို့အတွက် စိတ်ခွန်အားကို မြှင့်တင်လိုက်ပါ။

ပါတီတစ်ခုမှာ သုံးနာရီလောက်ကြာအောင် အချိန်ဖြုန်းမယ်ဆိုတာထက်    နာရီဝက်လောက်ပဲအချိန်ပေးပြီး   လူသုံးယောက်နဲ့ စကားစမြည်ပြောမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်ပါ။

ပါတီပွဲတစ်ခုကိုသွားရင်တော့   လူအများကြီးနဲ့တွေ့ရမှာ မှန်ပါတယ်။  ဒါပေမဲ့  လူတစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြီး စကားပြောဆိုရတာလောက်တော့ မကောင်းပါဘူး။ ဒီအတွက်ကြောင့်  ပါတီပွဲကိုသွားတာထက် တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး စကားစမြည်ပြောခြင်းက     ကိုယ့်ရဲ့ဆက်ဆံရေးကို တိုးတက်စေမှာ ဖြစ်ပါတယ်။

ဆက်ဆံရေးတည်ဆောက်ဖို့အတွက် နောက်ထပ်အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ပုံမှန်တွေ့ဆုံ နေကျဖြစ်တဲ့ အဖွဲ့အစည်း၊   အသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။

ဒီလိုမျိုးအသင်းအဖွဲ့တစ်ခုခုမှာ   တစ်ယောက်နဲ့တစ်ယောက်ပုံမှန် တွေ့ဆုံလာရာကနေ    မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးဆိုသလိုဖြစ်လာမှာဖြစ်ပြီး နောက်ဆုံးမှာ  ဆွေမျိုးရင်းချာနဲ့မခြား  ခင်မင်ရင်းနှီး နိုင်စေဖို့အတွက်  အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိစေမှာပါ။

၂၀၁၆ ခုနှစ်ကလုပ်တဲ့   သုတေသနတစ်ခုအရ ဘုရားကျောင်းအသင်းဝင်၊ ဝါသနာတူသူများအဖွဲ့ဝင်၊ အကူအညီပေးရေး အဖွဲ့ဝင်၊   အားကစားအဖွဲ့ဝင်စတဲ့ အသင်းအဖွဲ့အမျိုးမျိုးမှာ ပါဝင်နေသူတွေဟာ ပျော်ရွှင်မှုကို ပိုမိုရရှိတယ်လို့ တွေ့ထားပါတယ်။

နောက်တစ်ခုက ကိုယ်ကအများတကာနဲ့မရောနှောဘဲ သီးသီးသန့်သန့်နေတတ်သူလား။ ဒါဆိုရင်တော့ ဒီလိုသီးသီးသန့်သန့် နေတတ်သူများဟာ  အပေါင်းအသင်း မဆံ့တာမဟုတ်ဘဲ    အပေါင်းအသင်းကို ရွေးချယ် ပေါင်းသင်းသူများ ဖြစ်ပါတယ်လို့  Sensitive: The Hidden Power Of The Highly Sensitive Person In A Loud, Fast, Too-Much World ဆိုတဲ့စာအုပ်ကိုရေးသားသူ  ဂျန်ဂရန်နာမန်းက ဆိုပါတယ်။

ဒီအတွက် ကိုယ်ကဆက်ဆံရေးတိုးတက်စေချင်တယ်ဆိုရင်  လုပ်ရမယ့်နောက်တစ်ခုက    တစ်စုံတစ်ယောက်ကို စာလွှာပို့ပါ။    မေးခွန်းမေးမြန်းပါ။ ဒါမှမဟုတ် အစီအစဉ်တစ်ခုခုဆွဲပါ။

ဒီလိုလုပ်ခြင်းအားဖြင့် တခြားသူက ကိုယ့်အပေါ်မှာ ဘယ်လောက်အထိ တန်ဖိုးထားတယ်၊ အလေးထားတယ်ဆိုတာကို   အံ့အားသင့်ဖွယ်ရာမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။                       

Ref:CNA