အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ်လျှပ်စစ်သုံးယာဉ် အစီး ၄၀ တင်သွင်း

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ်လျှပ်စစ်သုံးယာဉ် အစီး ၄၀ တင်သွင်း

နေပြည်တော်   ဇန်နဝါရီ   ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်မှ “ခရီးတို မြို့တွင်း ပြေးဆွဲသည့် လျှပ်စစ်ကားများ ထုတ်လုပ် နိုင်ရေးအားပေးဆောင်ရွက်သွားရန်” လမ်းညွှန်မှုပြုခဲ့သဖြင့် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇွန် ၂ ရက်တွင်လည်းကောင်း၊ လုပ်ငန်းကော်မတီ(၅)ရပ်ကို ၂၀၂၂ ခုနှစ် ဇွန် ၇ ရက် တွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့် အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ် ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့မှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ် လျှပ်စစ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည်။

ရှေးဦးစွာ အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဒေါက်တာချာလီသန်းနှင့် လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ၊  တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ရွာသာကြီး Dry Port တွင်ရောက်ရှိနေသည့် Chin Dwin Shan Construction Co.,Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် အစီး ၃၀ နှင့် NPK Motors Co.,Ltd. မှ တင်သွင်းလာ သည့် လျှပ်စစ်သုံးယာဉ် ၁၀ စီး စုစုပေါင်းအစီး ၄၀ ကို ဝန်ကြီးဌာနများမှကိုယ်စားလှယ် များပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါ ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှု ပြုလုပ်၍ ယာဉ်များထုတ်ယူသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇွန်လတွင် အမျိုးသားအဆင့်ဖွဲ့စည်းခဲ့ပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ်အသုံးပြုမှုအတွက် အခွန်/အခကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များ ဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့် အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အများသုံး Charging Station များ တည်ဆောက်နိုင်ရေး စီမံချက်များ ချမှတ်ခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ သည် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ” ကို ရေးဆွဲပြုစုထားပြီး မကြာမီနိုင်ငံတော်အဆင့် အတည်ပြု ထုတ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။

မူဝါဒ၏မျှော်မှန်းချက်အတိုင်း ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ကနဦးရှေ့ပြေးစီမံကိန်း  (Pilot Project) ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ် ကဏ္ဍတွင် ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှ တင်ပြသည့် အဆိုပြုလွှာများကိုစိစစ်၍ လျှပ်စစ်သုံးယာဉ်များ တင်သွင်းအသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊  အများသုံး Level-3 အဆင့် Charging Station များတည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီအနေဖြင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး ခွင့်ပြု ပေးလျက်ရှိသည်။

ယခုရောက်ရှိလာသော ယာဉ်များသည် တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်သည်။ အများပြည်သူ အသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co.,Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး၊  NPK Motors Co.,Ltd. မှ နေပြည်တော် သပြေကုန်း ဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင်စေရန် စက်ရုံ၌တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊  အထက် အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်အားကောင်းစေရန်၊ နွေးထွေးသည့်ဆက်ဆံရေး စသည့်ကောင်းမွန်သည့် အလေ့အထ ကောင်းများ ဆက်လက်တိုးပွားစေရန်တို့အတွက် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။               

 (သတင်းစဉ်)