အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဇန်နဝါရီ ၂၂ ရက်မှစ၍ ရက် ၄၀ တိုင်အောင် ဆောင်ရွက်သွားမည်

တောင်ကြီး  ဇန်နဝါရီ  ၂၄

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဇန်နဝါရီ ၂၂ ရက်မှစ၍ ရက် ၄၀ တိုင်အောင် ဆောင်ရွက်သွားမည်

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံး မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည်။

ဦးစွာ အခြေခံပညာကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက်ပညာရေးကိုယ်စား ပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆို ဂုဏ်ပြုဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဇန်နဝါရီ ၂၂ ရက်မှစ၍ ရက် ၄၀ တိုင်အောင်  ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်အတွက် ဝမ်းမြောက်ဂုဏ်ယူရသည့်နေ့ဖြစ်ကြောင်း။

အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းများရဲ့ အောင်မြင်မှုရလဒ်များအဖြစ် ကုလသမဂ္ဂ လက်အောက်ခံ ယူနက်စကိုအဖွဲ့ကြီးက ချီးမြှင့်သည့်   မိုဟာမက်ရီဇာ ပါလာဗီဆုကို ၁၉၇၁ ခုနှစ်နှင့်  နိုမာဆုတို့ကို ၁၉၈၃ ခုနှစ် များတွင် ရရှိခဲ့သည့်အတွက် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်တင့်တယ်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများညီလာခံက ထုတ်ပြန်ထားသည့် အင်ချွန်းကြေညာစာတမ်းပါ “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနဲ့ အရွယ်ရောက်ပြီးသူ အမျိုးသားများနဲ့ အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက်အချက်တတ်မြောက်စေရေး” ဟူသော ဘုံရည်မှန်းချက် ပန်းတိုင်ပြည့်မီအောင် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းညှိနှိုင်း စီမံ ဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်က ဖွဲ့စည်းပေးထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်၊ ကျေးစာတတ် မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြု ကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာ ကျောင်း သား၊ ကျောင်းသူကိုယ်စားလှယ်များကို ဂုဏ်ပြုဆုငွေများပေးအပ်ကြပြီး ခင်းကျင်းပြသထားသော ပြခန်းကို လှည့်လည်ကြည့်ရှု ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အထက(ခွဲ) ပေါင်လင်း စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ချင်းကုန်းစာတတ် မြောက်ရေးစာသင်ဝိုင်းနှင့်တောင်ကြီးမြို့ ကျောက် တစ်လုံးကြီးမြို့နယ်ခွဲ ဒုံအုံးစာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ သွားရောက်၍ စာတတ်မြောက်ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ စာသင်သားများနှင့်နည်းပြများကို စာတတ်မြောက်ရေး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ကျောင်း အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(၅၀၀)