မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေး တိုးမြှင့်နိုင်မည့် ကိစ္စရပ်များဆွေးနွေး

နေပြည်တော်  ဇန်နဝါရီ  ၂၄

မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေး တိုးမြှင့်နိုင်မည့် ကိစ္စရပ်များဆွေးနွေး

တိုင်းရင်းသားရေးရာယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ် (ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံ၌ရောက်ရှိနေသော တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Chuti Krairiksh အား ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင်သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာနှစ်နိုင်ငံရှိ ရင်းစွဲဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးပိုမို ကောင်းမွန်စေရန် ဆောင်ရွက်သွားရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဖလှယ်ရေး၊ တိုင်းရင်းသားလူမျိုးများ အပြန်အလှန် အကျိုးကျေးဇူးရရှိစေရေး၊ နှစ်နိုင်ငံဝန်ကြီးဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေး တိုးမြှင့်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် သံမှူးကြီး ဦးမော်ဗလ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံလူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။          

 (သတင်းစဉ်)