(၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်

(၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ (၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၊ ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူစာပေနှင့်ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

        ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၂၈)ကြိမ် မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှစ်သစ်ကူး အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လားဟူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ ပြီး သဘာပတိအဖွဲ့ဝင် လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နာယက သိက္ခာတော်ရဆရာတော် ဦးကျရှော က နှစ်သစ်ကူး ကြိုဆိုအဖွင့်အမှာစကားပြောကြားသည်။

        ၎င်းနောက် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် တန်း အောင်မြင်သူ ၅၇ ဦးအား တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုဆုများပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးမှ လက်ခံရယူပြီး လားဟူရိုးရာ လက်ဆေးမင်္ဂလာခံယူခြင်း ဆက်လက်ကျင်းပသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လားဟူ၊ ရှမ်း၊ ဝ၊ အာခါ၊ လီဆူး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး လားဟူတိုင်းရင်းသား ယဉ်ကျေးမှုပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။