ရွှေရောင်းချသူများ အထွေထွေ အုပ်ချုပ်ရေးမှူးများထံ လိုင်စင်တင်ရမည့်အပြင် ရွှေဆိုင် လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားရမည်

ရွှေရောင်းချသူများ အထွေထွေ အုပ်ချုပ်ရေးမှူးများထံ လိုင်စင်တင်ရမည့်အပြင် ရွှေဆိုင် လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားရမည်

ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေဆိုင်ဖွင့်လှစ် ရောင်းချသူများ အနေဖြင့် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးများထံ သတ္တု၊ ရွှေလိုင်စင်များတင်ရမည့်အပြင် ရွှေဆိုင် လုံခြုံရေးအတွက်လည်း လုံခြုံရေး ကင်မရာ (CCTV)  များ  တပ်ဆင်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ  ဦးမျိုးမြင့်၏ပြောကြားချက်အရ သိရသည်။

“လိုင်စင်ကိုတော့ ဇန်နဝါရီလကစပြီး လုပ်လို့ရပါပြီ။ သက်ဆိုင်ရာမြို့နယ် အလိုက် လုပ်ရမှာပါ။ အခက်အခဲတော့ မရှိနိုင်ပါဘူး။ ဆိုင်လုံခြုံရေးအတွက်လည်း  CCTV တပ်တာတွေ ပြုလုပ်ဖို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ညွှန်ကြားထားပါတယ်”ဟု ဦးမျိုးမြင့်ကပြောသည်။

လက်ရှိတွင် ရွှေဆိုင်များ၌ အကြောင်း တစ်စုံတစ်ရာဖြစ်ပွားပါက    လျင်မြန်စွာ ဆက်သွယ်နိုင်ရန်    ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ ရွှေနှင့် ကျောက်မျက်ရတနာများကို  ထိန်းသိမ်း ကြပ်မတ်သည့် အနေဖြင့် ဆောင်ရွက်ရမည့် သတ္တု၊ ရွှေလိုင်စင် ပြုလုပ်ရာတွင်လည်း အခွန်ပေးဆောင်ရခြင်းများ ပါဝင်နိုင်ပြီး ငွေကြေးခဝါချမှု လုပ်ငန်းစဉ်သင်တန်း   တက်ရောက်ပြီးသူများကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၌ ရွှေဆိုင်ရောင်းချခွင့် လိုင်စင်ပြုလုပ်ရသော်လည်း ယခုအခါ ပထမဆုံးအဖြစ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ရွှေနှင့်ကျောက်မျက်ရတနာ ရောင်းချသူများအား  သတ္တု၊  ရွှေလိုင်စင်များ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေနှင့်ပတ်သက်၍ ကုန်စည်စီးဆင်းမှု မြန်ဆန်မှန်ကန်ရေး ကြီးကြပ်မှုကော်မတီကို နေပြည်တော် ရုံးအမှတ်(၁၈)မှ ကြီးကြပ်ပြီး ယင်းအောက်တွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရွှေနှင့် ငွေကြေးစောင့်ကြပ် ထိန်းသိမ်းရေး ကော်မတီ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ဦးဆောင်သည့်  ရွှေဈေးကွက်ကြီးကြပ်ရေး ကော်မတီတို့ရှိပြီး ဆက်လက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရွှေနှင့် ကျောက်မျက်ရတနာများအား    ဆက်လက်ထိန်းသိမ်း ကြပ်မတ်နေခြင်း ဖြစ်ကြောင်း သိရသည်။