ရန်ကုန်မြို့၌ မြန်မာ့ခရီးသွားပြပွဲ (၂၀၂၃)စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်မြို့၌ မြန်မာ့ခရီးသွားပြပွဲ (၂၀၂၃)စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်  ဇန်နဝါရီ  ၂၅

    မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃)ကို ဇန်နဝါရီ ၂၇ ရက်မှ  ၂၉  ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင်    ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက် လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်း ထွက် ဒေသထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသရောင်းချသွားမည် ဖြစ်သည်။

ယင်းပြပွဲကို   မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်းမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ခရီးသွားရာသီ အစဖြစ်သော ဇန်နဝါရီလတွင် မြန်မာ့ခရီးသွား လုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အား တစ်ရပ်ဖြစ်စေရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။

၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် အေးမြသော ဆောင်းရာသီနှင့်အတူ အပန်းဖြေသူများ၊ လေ့လာရေး ခရီးသွားသူများသည် ပုဂံ၊ ပုပ္ပား၊ ပင်းတယ၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မြိတ်ကျွန်းစုနှင့် သမိုင်းဝင် ဘုရားစေတီတို့သို့ သွားရောက် လည်ပတ်လျက်ရှိပြီး အပန်းဖြေခရီးစဉ် မြန်ဆန်ချောမွေ့စေရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းနှင့် ညီနောင်မိတ်ဖက် အသင်းတို့ ပူးပေါင်း၍ ခရီးသွား ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများကို  ပြည်တွင်း၊  ပြည်ပ လေယာဉ်လက်မှတ်များ၊   မိုးပျံဘောလုံး စီးနင်းခွင့် လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ကို Lucky draw အစီအစဉ်ဖြင့် ညနေ ၄ နာရီတွင် ကံစမ်းပေးသွားမည်ဖြစ်ပြီး  ပြပွဲကို နံနက် ၉ နာရီမှ ည ၆ နာရီအထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလ လမ်းဂိတ်တို့မှ  ဝန်ကြီးများရုံး အတွင်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။