ဂျယ်ဂျူးကျွန်းကမ်းလွန်၌ လူ ၂၂ ဦးပါကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ် ၁၄ ဦးကို ကယ်ဆယ်ထားနိုင်

ဂျယ်ဂျူးကျွန်းကမ်းလွန်၌ လူ ၂၂ ဦးပါကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ် ၁၄ ဦးကို ကယ်ဆယ်ထားနိုင်

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူးကျွန်းကမ်းလွန်၌ လူ ၂၂ ဦးပါကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွား ရာ လူ ၁၄ ဦးကိုကယ်ဆယ်ထားနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။

သစ်သားများကိုတင်ဆောင်လာသည့် တန်ချိန် ၆၅၀၀ ကျော် အဆိုပါကုန်တင်သင်္ဘောသည် ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၇ မိနစ်တွင် ဒုက္ခရောက်နေကြောင်း အချက်ပြမှုကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂျယ်ဂျူးကျွန်းမှ  အရှေ့တောင်ဘက် ၁၄၈  ဒသမ ၂ ကီလိုမီတာကွာဝေးသော အခင်းဖြစ်နေရာသို့ ကမ်းခြေစောင့်တပ်ဖွဲ့ရောက်ရှိသွားချိန်တွင် ကုန်တင်သင်္ဘောသည် လုံးလုံးလျားလျားနစ်မြုပ်သွားပြီ ဖြစ်သည်။

ဟောင်ကောင်မှတ်ပုံတင်ထားသော ထိုကုန်တင်သင်္ဘောပေါ်၌ တရုတ်နိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးတို့ လိုက်ပါလာပြီး ၎င်းတို့အနက် ၁၄ ဦးကို အနီးမှဖြတ်သွားသည့်သင်္ဘောများနှင့် အခြားကယ်ဆယ်ရေး သမားများက ကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။

သို့သော် အသက်ရှင်လျက်ကယ်ဆယ်ထားသူ ၁၄ ဦးအနက် ၉ ဦးမှာ သတိမေ့နေဆဲဖြစ်ကြောင်းနှင့် ၎င်းင်းတို့ကို ဂျပန် နိုင်ငံ နာဂါဆာကီမြို့သို့ပို့ဆောင်ပေးသွားဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့သည် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့်အတူပူးပေါင်းကာ ကင်းလှည့်ရေယာဉ် ၅ စင်းနှင့် လေယာဉ် ၄ စင်းတို့ကို အသုံးပြုကာ ပျောက်ဆုံးနေဆဲဖြစ်သူ ၈ ဦးကိုရှာဖွေလျက်ရှိကြောင်း သိရသည်။       

Ref: Yonhap